မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ၊ စစ်ကောင်စီသည် ၎င်းတို့ သံသယရှိသည့် နေအိမ်များကို ဧည့်စာရင်းစစ်ဆေးခြင်းများပြုလုပ်ပြီး၊ မသင်္ကာသူများကို ဖမ်းဆီးသည့်အပြင် ငွေကြေးအဆမတန် တောင်းရမ်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဧည့်စာရင်းက နေ့တိုင်းတော့စစ်တယ်။ အိမ်တိုင်းစစ်တာတော့မဟုတ်ဘူး။ သူတို့သံသယရှိတဲ့အိမ်တွေစစ်တာ၊ညအိပ် ညနေ နေတာမဟုတ်ဘဲ၊ အိမ်ကို ဧည်သည်လာတဲ့အိမ်တွေဆိုလည်း၊ ညဘက်ဝင်စစ်တာ၊ ညအိပ်ဧည်သည်ရှိလို့၊ မသင်္ကာရင်စခန်းခေါ်သွားကော၊ ပြီးတော့ ဧည့်စာရင်းလည်းတိုင်းထားတဲ့ကြားက ဖမ်းခေါ်တာတွေလုပ်တာ” ဟု မော်လမြိုင်ရှိ အသက် ၃၀အရွယ် ၊ ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး၊ ဖမ်းဆီးခဲ့သည့် ပြည်သူများကို တစ်ယောက်လျှင် ကျပ် ၄သိန်းဖြင့် ပြန်လည်ရွေးခိုင်းပြီး၊ မရွေးနိုင်သည့် သူများကို ထောင်ဒဏ်တစ်လသို့မဟုတ် ဒဏ်ငွေ ကျပ် ၂၀၀၀၀ ပေးဆောင်ရမည့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ဖြင့် တရားစွဲကာ၊ ချက်ခြင်း အမိန့်ချမှတ်မှုများပြုလုပ်နေကြောင်းလည်း၊ ဒဏ်ငွေပေး ဆောင်ပြီး ပြန်လည်လွတ်မြောက်ခဲ့သူ တစ်ဦးက ပြောသည်။
“ ဧည့်စာရင်းကအမြဲတိုင်ပါတယ်။ ဖြစ်ခြင်တော့သူတို့ဧည့်စာရင်းဝင်စစ်တဲ့နေ့မှ ရက်ကျော်နေတာ၊ ကျွန်တော်ဆို မွေးကတည်းက အမေ့ရဲ့အဒေါ်တွေနဲံ မော်လမြိုင်မှာနေတာ၊ ရပ်ကွက်ထဲကသူတွေလဲမသိသူမရှိသလောက်လေ၊ အုပ်ချုပ်ရေးမှူးနဲ့လည်း သိတယ်။ အဲ့ဒါကို ဧည့်စာရင်းစစ်တော့ ၄သိန်းတောင်းတယ်။ မပေးရင် တရားစွဲမှာ၊ ဥပေဒက သူတို့လက်ထဲမှာရှိတယ်တဲ့၊ မင်းကဥပဒေမလိုက်နာလို့ ဖမ်းရတာလို့ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ မော်လမြိုင်မြို့အတွင်း ဧည့်စာရင်း စစ်ဆေးနေမှုများသည် PDF ရန်ကိုကြောက်လန့်သည့် အပြင် ကြားပေါက်ဝင်ငွေရရှိသည့်အတွက် လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက သုံးသပ်သည်။
“ အဓိကတော့ စစ်ကောင်စီဘက်က အခုလိုတွေလုပ်နေတာက၊ ပိုက်ဆံရလို့ လုပ်နေတာရယ်၊ သူတို့ကိုလာတိုက်ခိုက်မဲ့ PDF ကိုကြောက်နေလို့ လျှောက်လုပ်နေတာ၊ ဧည့်စာရင်းသွားတိုင်ရင်လည်း ပိုက်ဆံပေးရ၊ မသင်္ကာလို့ အိမ်ဝင် စစ်လည်း ဖမ်းသွားရင် ပိုက်ဆံနဲ့ လိုက်ရွေးရနဲ့ ဘယ်မှာလည်းတရားမျှမှု “ ဟု လှိုင်ရပ်ကွက်တွင် နေထိုင်သူက ပြောသည်။
ယခုကဲ့သို့ ဧည့်စာရင်းစစ်ဆေးမှုများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိရှိခြင်းမရှိဘဲ၊ စစ်ကောင်စီက ခေါ်ဆောင် ပါက ၎င်းတို့ သွားလိုသည့် နေအိမ်များကိုသာ လိုက်လံပြသရကြောင်း၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ကပြောသည်။
“ အခုလိုတွေလုပ်တာကလည်း ကျွန်တော်တို့သဘောအရလည်းမဟုတ်ဘူး။ ဧည့်စာရင်းစစ်ရင်လည်းသူတို့ (စစ်ကောင်စီ) ဝင်စစ်နေတယ်။ ဘယ်အိမ်၊ ဘယ်ရပ်ကွက်၊ သက်ဆိုင်ရာ ရာအိမ်မှူးနဲ့လာခဲ့ ပြောမှ အနောက်ကနေ လိုက်ရတာ၊ ဘာကြိုတင်အကြောင်းအကြားမှုမှမရှိဘူး။ သူတို့ကလည်းသတင်းရလို့ဝင်စစ်တာဘဲပြောတယ် အဲ့ဒါကြောင့် မဖြစ်သင့်တာတွေမဖြစ်အောင် ဧည့်စာရင်းကိုမှန်မှန်တိုင်ကြားစေခြင်ပါတယ်” ဟု မော်လမြိုင်၊ လှိုင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးကရှင်းပြသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့တွင် လူဝင်ထွက်များသည့် နေအိမ်ရှေံများ၊ လူစည်ကားသည့်နေရာ နှင့် လမ်းများတွင် CCTV ကင်မရာများတပ်စဉ်ကာ စစ်တပ်က စောင့်ကြည့်မှုများပြုလုပ်လျက်ရှိကြောင်းလည်း ဒေသခံများထံမှ သိရသည်။