မကွေးတိုင်း၊ ပေါက်မြို့နယ် ၊ဇီးပြား ရဲစခန်းသို့ ရောက်နေသော စစ်တပ်က စစ်ကြောင်းထိုး လာသောကြောင့် ဒေသခံ ၆၀၀၀ ကျော် ညတွင်းချင်း စစ်ရှောင် ပြေးကြရကြောင်း သိရသည်။
အောက်တိုဘာ ၁၈ ရက်နေ့ ညနေပိုင်း၌ ဇီးပြားရဲစခန်းသို့ ရောက်ရှိလာသော စစ်ကြောင်းသည် ယနေ့ (အောက်တိုဘာ ၂၀ ရက်) ညနေပိုင်းတွင် ဇီးပြားကျေးရွာ၏ အရှေ့ဘက် အောင်စည်သာ ကျေးရွာမှ နေ၍ ဓာတ်တော် နှင့် ၀န်တင်ကျေးရွာ များဘက်သို့ ဦးတည်ကာ ထွက်လာသောကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများ အားချင်း စစ်ရှောင်ကြရခြင်းဖြစ်ကြောင်း စစ်ရှောင်ပြည်သူအချို့ထံက သိရသည်။
” ခုညနေပိုင်းမှ အောင်စည်သာဘက်ကနေ ဒီဘက်ကို ပြန်လာနေတယ် ဆိုတာ သိရတယ်။ ဘယ်ရွာကို ဦးတည်မလဲတော့ သေချာ မသိရသေးဘူး “ ဟု ပေါက်မြောက်ပိုင်း ရှိတော်လှန်ရေး ရဲဘော် တစ်ဦးက ပြောသည်။
ယနေ့ညနေပိုင်းတွင် ဓာတ်တော်နှင့် ဝန်တင်ကျေးရွာသားများတင်မက ယင်းရွာ ၂ ရွာ၌ စစ်ရှောင် နေကြသော စသိန်း၊ဂွေးဂုံ၊ဂဲပင်အင်း နှင့် ကျွန်းတိုင်း ကျေးရွာများမှ ပြည်သူများပါ နီးစပ်ရာ တောတိုက်နှင့်ကျေးရွာများသို့ ထပ်မံ စစ်ရှောင် ပြေးကြရကြောင်း သိရသည်။
စသိန်း၊ဂွေးဂုံ၊ဂဲပင်အင်း နှင့် ကျွန်းတိုင်း ကျေးရွာမှ ပြည်သူများမှာ ရွှေဘုံသာရွာမှ စစ်ကြောင်း စတင် ထွက်လာသည့် အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက စစ်ကြောင်းရှောင်ပြေးခဲ့ရခြင်းဖြစ်သည်။
” ရွှေဘုံသာက တက်လာတဲ့ နေ့ကတည်းက ရှောင်နေရတာ ၁ ပတ်နီးနီး ရှိပြီ။ အဲတုန်းက တောထဲ ရှောင်နေရတယ် ။အဲတောနား တိုက်ပွဲ ဖြစ်လို့ ထပ်ရှောင်လာတာ ။ ဒီရွာရောက်တာ မကြာသေးဘူး။ ထပ်ရှောင်ရပြန်ဦးမယ် ” ဟု ၀န်တင်ကျေးရွာသို့ စစ်ရှောင်ခဲ့သော ပြည်သူ တစ်ဦးက ပြောသည်။
ယင်းစစ်ကြောင်းသည် ပေါက်မြို့မှ ထွက်လာချိန်၌ ပျူစောထီးရွာများနှင့် စစ်တပ် အခြေစိုက် စခန်း များသို့ ရိက္ခာ များ ပို့ဆောင်ရန် လာသည်ဟု ဆိုကြ သော်လည်း ရိက္ခာများစွာ ပါ မလာကြောင်း စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ကျေးရွာများမှ ပြည်သူပိုင် ရိက္ခာများကိုသာ စစ်သားများက လုယက်ကာ ဇီးပြားရဲစခန်းသို့ သွားခြင်းဖြစ်ကြောင်း သိရသည်။