မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မိုးဗြဲဆည်ကျိုးမည်ကို လွိုင်ကော်မြို့ခံများက စိုးရိမ်နေကြကြောင်း သိရသည်။
လွိုင်ကော်မြို့အတွင်း ဖြတ်သန်းစီးဆင်းနေသည့် ဘီလူးချောင်းရေ မြင့်တက်လာနိုင်သည်ဟု အောက်တိုဘာ၁၈ရက်တွင် လွိုင်ကော်မြို့ ထွေအုပ်ရုံးက လွိုင်ကော်မြို့တွင်း၌ လိုက်လံ ကြေညာပြီးနောက် ဒေသခံများကြား မိုးဗြဲဆည်ကျိုးမည်ကို စိုးရိမ်မှုမြင့်တက်လာခြင်းဖြစ် ကြောင်း သိရသည်။
“အခုဘီလူးချောင်းကလည်း ရေပြည့်နေတော့ မိုးကြီးထပ်ကျရင် ဆည်က မထိန်းနိုင်မှာကြောက်တာ။မိုးဗြဲဆည်က မနှစ်လောက်ကတည်းက ခါတာတို့၊အက်ရာတို့ ဖြစ်နေတာဆိုတော့ လန့်နေရတာ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
အောက်တိုဘာ၁၂ရက်မှစတင်ကာ ဘီလူးချောင်းရေကြီးလာခြင်းဖြစ်ပြီး အောက်တိုဘာ၁၉ရက်နဲ့ ယနေ့(အောက်တိုဘာ၂၀ရက်)တွင်မူ မိုးမရွာကြောင်း ဒေသခံအချို့ထံက သိရသည်။
“ အခုစိုက်ခင်းတွေကတော့ မိုးဗြဲဘက်မှာရော လွိုင်ကော်မြို့ပြင်မှာရော ရေနစ်ကုန်ပြီ။လွိုင်ကော်မြို့ထဲတော့ ရေဝင်တယ်ဆိုပေမယ့် ခြေဒူးဆစ်မြုပ်ရုံပါပဲ။အနိမ့်ပိုင်းရပ်ကွက်တွေလောက်ပဲ ရပ်ကွက်ထဲ ရေဝင်နေတာ”ဟု ၎င်းကဆက်လက်ပြောသည်။
အမည်မဖော်လိုသူ ဆည်မြောင်းတာဝန်ရှိသူတစ်ဦးကမူ ဘီလူးချောင်းရေ မြင့်တက်လာရုံဖြင့် မိုးဗြဲဆည် မပြိုကျနိုင်ကြောင်း ပြောသည်။
“ အဓိကပြောချင်တာက မိုးဗြဲဆည်သာကျိုးရင် လွိုင်ကော်တစ်ခုလုံး ရေမြုပ်မှာပါ။အဲ့ဒါမို့လို့လည်း အရင်ကတည်းက ဆည်ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးထားပြီးသားပါ။အခုဆည်ကနေ ရေလျှံကျတာကလည်း ဘီလူးချောင်းရေ အရမ်းမြင့်လာလို့ပေါ့။သဘာဝဘေးက ဘာမှကြိုပြောလို့မရပေမယ့် အခုလိုအနေအထားနဲ့ဆို မိုးဗြဲ ဆည်ပြိုကျဖို့ဆိုတာ အဝေးကြီးပါ” ဟု ၎င်းက ပြောသည်။
ဘီလူးချောင်းရေမြင့်တက်လာမှုကြောင့် လွိုင်ကော်-မိုးဗြဲကြားရှိ စစ်ရှောင်တဲအလုံးရေ ၁၀၀ကျော် ရေနစ်မြုပ်ကာ စစပါးဧကပေါင်း ၅၀၀နီးပါး ရေမြုပ်ခဲ့ကြောင်း မိုးဗြဲမြို့အခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ လယ်ဧက ၅၀၀ ကျော်မြုပ်တယ်။ဒီ လွိုင်ကော်-မိုးဗြဲ ကြားက ကျေးရွာတွေပေါ့။အဲ့ကြား ဘီလူးချောင်းဘေးမှာ စစ်ရှောင် တွေ ၃၀၀ကျော် နေနေတဲ့ တဲတွေမှာ ၁၀၀ ကျော် တဲ မြုပ်သွားတယ်လို့သိရတယ်။အခုတော့ ရေလွတ်ရာနေရာတွေမှာ နေနေကြတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့၌ လွိုင်ကော်အခြေစိုက် ဘေးအန္တရာယ်ကာကွယ်ရေးတပ်ဖွဲ့များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက ရေဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း MPAကစုံစမ်းသိရသည်။








