လာမည့် ရက်အနည်းငယ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်း တစ်ခု ဖြစ်လာမည့် အလားအလာများနေပြီး မုန်တိုင်းကြောင့် မိုးများမည့်ရက်များနှင့် လပြည့် ဒီရေတက်ချိန် တိုက်ဆိုင်နေသောကြောင့်၊ မြန်မာနိုင်ငံတောင်ပိုင်းရှိ အနိမ့်ပိုင်းဒေသများတွင် ရေကြီးမှုအတွက် သတိပြုရန်လိုအပ်ကြောင်း၊ မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က ပြောသည်။
ယနေ့ (အောက်တိုဘာ ၂၀ရက်)၊ မနက် ၉နာရီခွဲခန့်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ဆက်စပ် လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာကြောင်း၊ မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းထိ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ ရှိနေပြီး၊ လာမည့် ၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများ၌ မိုးများနိုင်ကြောင်း သိရသည်။
” မုန်တိုင်းဖြစ်လာရင် မြန်မာနိုင်ငံက ညာဖက်မှာရှိတော့ သက်ရောက်မှုက ပိုများနိုင်တယ်။ လပြည့်နေ့ကလည်းရှိတယ်။ ဒီရေတက်တာရယ်၊ မိုးများတာရယ်ပေါင်းသွားရင် အခြေအနေတွေက ပိုဆိုးနိုင်တယ်။ အနိမ့်ပိုင်း ဒေသတွေက တန်ဖိုး ကြီး၊ ပစ္စည်းတွေကို အမြင့်မှာ ထားထားတာမျိုး၊ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် “ ဟု မိုး၀သစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
ထို့ပြင် လာမည့် ၅ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ချင်း၊ နေပြည်တော်၊ ကယား၊ ရှမ်း၊မန္တလေးနှင့် စစ်ကိုင်းအောက်ပိုင်းတို့၌ မိုးများလာနိုင်ကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
အဆိုပါ ဒေသများအနက် ပဲခူး၊ ရန်ကုန်တို့ရှိ ဒေသအချို့၌ ပြီးခဲ့သည့် ရက်များက ရေကြီးမှုများ၊ ဖြစ်ခဲ့ရာ လာမည့် ရက်များ၌ မိုးများလာနိုင်ခြင်းကြောင့် ထပ်မံ၍ ရေကြီး၊ရေလျှံမှု အန္တရာယ်ကို သတိပြုရန်လိုအပ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ငမိုးရိပ်ဆည်က ရေပိုလွှဲကနေ သုံးပေလောက်ကို ကျော်နေတယ်။ အစက လှည်းကူးကနေ အခု အရှေ့ဒဂုံထိ ရေတွေ ရောက်ကုန်ပြီ။ မိုးထပ်ရွာလာရင် ဆည်အနီးတစ်ဝိုက် အနိမ့်ပိုင်းဒေသတွေ သတိထား ပြင်ဆင်ထားဖို့လိုမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
လက်ရှိတွင်လည်း ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြိုံနယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုများဖြစ်ပေါ် နေပြီး၊ ရေပြန်မဆင်းသဖြင့် ဒေသခံများ စားဝတ်နေရေး အခက်ကြုံနေရကာ၊ မုန်တိုင်းဖြစ်ပွားလာပါက မိုးများလာပြီး၊ ယခုထက် ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြောင်းလည်း၊ အရှေ့ဒဂုံမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
” ရေက အိမ်တွေထဲဝင်ပြီး ပြန်မကျတော့ ထမင်းဟင်းတွေချက်လို့အဆင်မပြေဘူး။ သွားရလာရတာလည်း မလွယ် တော့ဘူး။ အဲ့ဒါကိုမှ မိုးထပ်ရွာလာရင် အခြေအနေက ပိုဆိုးလာနိုင်တယ်။စားဖို့သောက်ဖို့ ပိုခက်လာနိုင်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လှည်းကူး၊ မှော်ဘီ၊ ပဲခူးမြို့များတွင် ရေကြီးရေလျှံ မှုများဖြစ်ပေါ်ခဲ့ကာ၊ လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ဒေသခံများအတွက် အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း ည်း သိရသည်။