ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကိုးမြို့နှင့် ကွတ်ခိုင်မြို့နယ်ကြား၊ ဝိန်းလာ(ယိမ်းလာ)ရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးခဲ့ကာ၊ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း KIA နှင့် နီးစပ်သူ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(အောက်တိုဘာ ၁၉ရက်)၊ တွင် စစ်ကောင်စီ ၊တပ်မ ၉၉ လက်အောက်ခံ၊ စစ်သားများ စခန်းချထားသည့် ဝိန်းလာ(ယိမ်းလာ)ရွာ စခန်းကို၊ (KIA) တပ်မဟာ ၆၊ တပ်ရင်း၃၆ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ၊ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၄ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူအတိအကျတော့ စာရင်းမရဘူး။ သေဆုံးတဲ့ အလောင်း ၇ လောင်းတွေ့တယ်တဲ့၊ ညနေ ၄ နာရီမှာ သူတို့(စစ်ကောင်စီ)စခန်းသိမ်းခံရတယ်။ လက်နက်တစ်ချို့ကိုလည်းရတယ်။ အရှင်ဖမ်းမိသူလည်းရှိတယ်” ဟု KIA နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း၊ မုံးကိုးဗျူဟာနှင့် နမ့်ဖတ်ကာရှိ စစ်ကောင်စီ အမှတ် ၁၂၃ ခြေလျင်တပ်ရင်းမှ လက်နက်ကြီး ၅၈ လုံးပစ်ကူခဲ့ကြောင်းလည်း သိရသည်။
ဝိန်းလာ(ယိမ်းလာ) ကျေးရွာမှ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တဲ့အချိန်က ဈေးသွားကြတယ်။ ထိခိုက်မှုတော့ မရှိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာမှာလည်း ရွာခံတွေမရှိဘူး။ တောထဲဖြစ်နေတာ။ နောက်လေယာဉ်တက်လာတာတွေ့တော့ ဈေးတွေလည်း သိမ်းကုန်ကြရတယ်။ တစ်ကွဲတစ်ပြားစီဖြစ်သွာတယ်”ဟု ပြောသည်။
ဝိန်းလာ(ယိမ်းလာ) ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီထံမှ MA အမျိုးအစား သေနတ် ၁၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၈၁ မမ စိန်ပြောင်း ၁ လက်၊ ငါးကြင်းမြှီး စက်လက် ၁ လက်၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင် ပစ္စည်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲအတွင်း KIA ဘက်မှ ရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ဝိန်းလာ(ယိမ်းလာ) ကျေးရွာ တွင် စပါးရိတ်သိမ်းချိန်ဖြစ်နေသဖြင့် တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ဝိန်းလာ(ယိမ်းလာ) ကျေးရွာတိုက်ပွဲဖြစ်စဉ် အသေးစိတ်သိရှိနိုင်ရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြာခြင်းမရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်တွင်လည်း၊ ကွတ်ခိုင်မြို့နယ် နောင်ဆွေနှင့် နမ့်ကွက်ရွာကြားသို့ စစ်ကား ၁၀စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို KIA ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။