စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းမှ ဒေသခံ၂ သောင်းခန့်မှာ မိုးရွာထဲရေထဲ အရေးပေါ် စစ်ကြောင်းရှောင်ပြေးနေရသည်မှာ ၂ ပတ်ခန့်ကြာပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြောက်ခြမ်းကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၇ ရက်နေ့မှစ၍ စစ်ကြောင်းထိုးလျက်ရှိရာ ယနေ့(အောက်တိုဘာ၂၀ရက်) ထိတိုင် ရွာ ၁၁ ရွာ မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့မှ ရဲဘော်SKB က ပြောသည်။
” မိုးရွာထဲပြေးရတာဆိုတော့ ဖျားတဲ့သူတွေတော့များတယ်။ အများဆုံးက ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုပြီး ဖျားကြတယ်။ ပြီးတော့ အခုက ရာသီအကူးအပြောင်းမှာဆိုတော့ တုပ်ကွေးတွေလည်း ဖြစ်တာများတယ်။ ဆေးဝါးကတော့ လိုအပ်နေတာပဲ။ ဖြစ်သလို ဆေးမြီးတိုနဲ့ကုနေရတာ။ ထွက်ပြီးသွားဝယ်ရင်လည်း အဖမ်းခံရမှာလည်း ကြောက်ရတယ် ” ဟု၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ချပ်ကြီးရွာ၊ချပ်သင်းရွာနှင့်ကိုးတောင်ဘို့ရွာတို့ရှိ စစ်တပ်စခန်းများသို့ ရိက္ခာပို့ရင်း စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“ မိုးရွာထဲ စစ်ရှောင်နေရတော့ ၁၂ ရက်နေ့က မိုးအရမ်းရွာတဲ့အချိန် ည၈နာရီ လောက်မှာ ဝက်သအင်းရွာနားမှာ သားအဖ နှစ်ယောက် မိုးကြိုးပစ်ခံရပြီး သေ သွားတယ်။ နောက်ရက်ကျ အနီးအနားမှာပဲ သင်္ဂြိုလ်လိုက်တယ်လို့ ကြားတယ် ” ဟု ၎င်းက ပြောသည်။
လက်ရှိ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူတို့၏ ရွာ များမှာ စစ်ချောင်းခြား၊ဖလားရ၊အင်းမ၊ပင့်သာ၊မကျည်းကုန်း(မ)၊အုပ်ခင်း၊ပင့်သာကြီး၊ညောင်ကန်သာ၊လှည်းပွဲ၊တမာကုန်းနှင့်ဆားကျင်းကျေးရွာတို့ဖြစ်သည်။
” ဒီကြားထဲ မိုးရွာတဲ့ညကဆို တညလုံး မအိပ်ရဘူး အဆင်ပြေသလို ခိုကပ်ပြီး မတ်တပ်ရပ်နေရတာ။အဲ့ညက ရေတွေက ဒူးထိအောင်တက်လာလို့ ဖျားတဲ့သူကဖျားနဲ့ ဒီတစ်ခါစစ်ရှောင်ရတာ အဆိုးဆုံးပဲ ” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောသည်။
ယင်းစစ်ကြောင်းကို ဒေသခံ PDF များက နေ့စဉ်ဆိုသလို မိုင်းဆွဲ တိုက်ခိုက်လျက်ရှိရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Infinity Group မှ တာဝန်ရှိသူ ကဆိုသည်။
ယနေ့ (အောက်တိုဘာ၂၀ရက်) တွင် စစ်ကောင်စီတပ်သည် ချပ်သင်း တိုက်နယ်အတွင်း ရောက်ရှိနေကြောင်းသိရသည်။


