စားဝတ်နေရေး ကျပ်တည်းမှုများကြောင့်၊ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်သည့် လူငယ်အများစု သည် ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ စစ်ရှောင်စခန်း တာဝန်ခံများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရခိုင်ပြည်နယ်မှ လူငယ်အများစုသည် ပြည်ပနိုင်ငံများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်မှုများသည်၊ ယခင်ကာလ များထဲက ရှိသော်လည်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။
“ ရခိုင်ကနေ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်ကြတာ အရင်ထဲက ရှိပေမယ့်၊ အခုက တော်တော်လေးကို များလာတာကို မြင်တွေ့ရတယ်။ အရင်က ပြည်ပထွက်မယ်ဆို အသက်အရွယ်လေး နည်းနည်းရလာမှ ထွက်ကြ ပေမယ့် အခုဆို အသက် (၂၀) မပြည့်သေးတဲ့၊ လူငယ်တွေပါ ရခိုင်မှာ မရှိကြတော့ဘူး။ ပြောရရင် စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် လူစွမ်းအားအရင်းအမြစ်တွေ ယိုစီးသွားတယ်လို့ မြင်ပတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက MPA သို့ ပြောသည်။
ယခင်က ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများကြောင့်၊ နေရပ်စွန့်ခွာကာ ပြည်မဘက် (ရန်ကုန်) သို့ အလုပ်သွား ရောက်လုပ်ကိုင်သူများ ရှိခဲ့သော်လည်း၊ ယခုအခါတွင် ပြည်မထက် ပြည်ပနိုင်ငံများကို ပိုမိုရွေးချယ်လာခဲ့ပြီး ၊ တရား မဝင်နည်းလမ်းများကို အသုံးပြုကာ၊ သွားရောက်ရသဖြင့် ဖမ်းဆီးခံရခြင်းအပါအဝင်၊ အန္တရာယ်ကြုံတွေ့ရမှုများလည်း မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ အရင်က အသွားများတဲ့ ပြည်မဘက်တောင် လူငယ်တွေက မစဉ်းစားတော့ဘူး။ နည်းနည်းအရွယ်ရောက်ပြီဆိုတာနဲ့ ထိုင်းနဲ့ မလေးလို တိုင်းပြည်တွေကို သွားကြတာများပါတယ်။ အဆင်မပြေတဲ့ကြားက သွားရတာဆိုတော့၊ တရားမဝင် အောက်လမ်းတွေကနေ သွားကြတာများပါတယ်။ အဲ့ဒီတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ရဲဖမ်းခံရတာတို့ အသက် အန္တရာယ်ကြုံရတာတို့ ဖြစ်ပြီး အဆက်အသွယ်မရတော့တဲ့ လူငယ်တွေလည်း များလာတယ်” ဟု ကျောက်ဖြူမြို့မှ ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး ထိုင်းရဲများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခံခဲ့ ရသည့် ဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံအချို့သည် စစ်ရှောင်စခန်း များ၌ နေထိုင်ရသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ရှိလာခဲ့ပြီး၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စားဝတ်နေရေး ပိုမိုကျပ်တည်းလာသည့်အတွက် လူငယ်အများစုသည် ပြည်ပသို့ ထွက်ခွာမှု ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများ၌ နေထိုင်ရသူများသည် စစ်ကောင်စီမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသလောက်နည်းပါးခြင်းကြောင့် အငတ်ဘေးနှင့် ကြုံတွေ့လာရသည့်အပြင်၊ NGO နှင့် INGO များအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများ လာရောက်လှူဒါန်းမှု လျော့ကျလာခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ စခန်းတစ်ချို့မှာဆို ဘာအထောက်အပံ့မှ အရင်လို မရတော့လို့ ငတ်နေကြပြီ၊ ဒီကြားထဲ မုန်တိုင်းဒဏ်ကလည်း ခံခဲ့ရ တော့ ပိုဆိုးသွားတာပေါ့၊ ငတ်လာတော့ ဖြေရှင်းဖို့နည်းလမ်းရှာပြန်တော့လည်း၊ အလုပ်အကိုင်က မရှိသလောက် ဖြစ် နေတော့ ပြည်ပထွက်ဖို့ပဲ လုပ်ကြရတော့တယ်။ ဒီနှစ်ထဲမှာတင် စခန်းမှာနေတဲ့ အသက်(၂၀)လောက် လူငယ်တော် တော်များများ ပြည်ပထွက်သွားကြတာတွေ့ရတယ်။ စစ်ရှောင်စခန်းတွေမှာ လူငယ်ဆိုတာ မရှိတော့သလောက်ပါပဲ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များသည် စားဝတ်နေရေး ကျပ်တည်းမှုများကြောင့် နေရပ်ပြန်ကာ စိုက်ပျိုးရေး၊ မွေးမြူရေး အစရှိသည့် လုပ်ငန်းများ လုပ်ဆောင်ရန်ပြုလုပ်သော်လည်း စစ်ကောင်စီတပ်မှ မြေမြှပ်မိုင်းများ အပါအဝင် စစ်ကျန်လက်နက်များကို ရှင်းလင်းပေးခြင်းမရှိသဖြင့်၊စစ်ဘေးရှောင်ပြည်သူများသည် စစ်ရှောင်စခန်းများ၌ ဆက်လက်နေထိုင်နေရကြောင်း၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်နေရာအနှံ့တွင် စစ်ဘေးရှောင်စခန်းပေါင်း ရာဂဏန်းခန့်ရှိပြီး၊ စစ်ရှောင်ဦးရေ တစ်သိန်းကျော်ရှိကာ၊ စခန်းအားလုံးနီးပါးသည် စားဝတ်နေရေးကျပ်တည်းမှုကြောင့် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။