တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ၊ ကျေးရွာတစ်ရွာတွင် စစ်ဘေးဒဏ်သင့် ကလေးငယ်များအတွက် ပညာသင် ကြားမှု နှင့်စပ်လျဉ်း၍ နားလည်တတ်ကျွမ်းသည့် ဆရာ၊ ဆရာမ များနှင့် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ လိုအပ် နေကြောင်း၊ ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံက စုံစမ်းသိရှိရသည်။
အဆိုပါ ကျေးရွာရှိ ကလေးငယ်များသည် ကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထကျောင်း၌ ပညာသင် ကြားနေပြီး၊ ဒေသခံလူငယ်များမှ ဆရာ၊ ဆရာမများအဖြစ် တာဝန်ယူသင်ကြားပေးကာ၊ ကလေးများ၏ ပညာတတ် မြောက်ရေးကို အကောင်အထည်ဖော်နေရခြင်းဖြစ်သည်ဟု ဒေါနတနင်္သာရီအဖွဲ့၏ မြေပြင်နှင့်ဆေးအဖွဲ့တာ၀န်ခံ ကိုယောနသံက ပြောသည်။
” သူတို့(ကလေးတွေ)အတွက် အကြီးမားဆုံး အခက်အခဲကတော့ ဗလာစာအုပ်၊ ခဲတံ စတဲ့ အခြေခံအကျဆုံး လိုအပ်ချက်ကစလို့ သင်ထောက်ကူပစ္စည်းအလုံအလောက် မရှိတာပါခင်ဗျ။ ပြီးတော့ သင်ကြားပေးမယ့် ဆရာ၊ ဆရာမအင်အားကလည်း မရှိပါဘူး” ဟု ကိုယောနသံက ဆိုသည်။
အဆိုပါ ကိုယ်ထူကိုယ်ထကျောင်းတွင် မူလတန်းအဆင့်ပညာရေးကိုသာ သင်ကြားပေးနိုင်ပြီး၊ ဆရာ၊ ဆရာမ အင်အား ၁၁ ဦးဖြင့် ကျောင်းသားဦးရေ ၁၉၈ ဦးကို ပညာသင်ကြားပေးမှုများ ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
” ဒီကလေးတွေက စစ်ရှောင်ကလေးတွေတော့ မဟုတ်ပါဘူးဗျ။ ဒါပေမယ့် စစ်ဘေးဒဏ်သင့်ကလေးတွေပါခင်ဗျာ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့ဒေသဖြစ်လို့ စစ်ကောင်စီဘက်က၊ မကြာခဏစစ်ကြောင်းထိုးတာမျိုး တွေရှိပါတယ်။ စစ်ကြောင်းမထိုးတဲ့ အချိန်တွေမျိုးဆိုရင်လည်း၊ အဲဒီနယ်မြေက ပြည်သူတွေက လွတ်လွတ်လပ်လပ် သွားလာဖို့၊ ရောင်းဝယ်ဖောက်ကားဖို့၊ လုပ်ကိုင်စားသောက်ကြဖို့ စတဲ့နေရာတွေမှာ ဖိနှိပ်ကန့်သတ်ထားတာတွေ ရှိပါတယ် ” ဟု ကိုယောနသံက ဆက်ရှင်းပြသည်။
ဒေါနတနင်္သာရီအဖွဲ့မှ အဆိုပါ ကျေးရွာရှိ ကလေးငယ်များအတွက် ကျန်းမာရေး အသိပညာပေးဆွေးနွေးမှု အစီအစဥ်နှင့် ကျောင်းနေအရွယ် ကလေးငယ် (၁၉၈) ဦးအတွက်၊ တစ်ဦးလျှင် ဗလာစာအုပ် (၅) အုပ်နှုန်းဖြင့် (၉၉၀) အုပ်ကို မျှဝေကူညီပေးခဲ့သည်ဟုဆိုသည်။
ထို့အပြင် ကျန်းမာရေးအသိပညာပေး အစီအစဥ်တွင် သန်ကောင်တုတ်ကောင်နှင့် ပက်သက်သည့် သိသင့်သိထိုက် သည်များကို ပြောကြားခြင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ မေးခွန်းမေးမြန်းခြင်းအပြင် အသိပညာပေး ဟောပြောမှုများထဲမှ ကလေးသူငယ်များကို မေးခွန်းများပြန်လည်မေးမြန်းကာ အဖြေမှန်သူများကို ဆုပေးခြင်း အစီအစဥ်များ ပြုလုပ်ခဲ့ပြီး၊ ကလေးငယ် (၂၃၈) ဦးကို သန်ချဆေးတိုက်ကျွေးခဲ့ကြောင်းလည်း သိရှိရသည်။
“ ကျတော်တို့ဒေသက အစအစ အရာရာအားနည်းချက်များပါတယ်။ ပညာရေး စနစ်ရော၊ လူမှုရေး စနစ်ရောကို ခေတ်အဆက်ဆက်မှာ ချိုးနှိမ်ခံခဲ့ရတာပါ။ အဲ့ဒါတွေကို ကျတော်တို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေပါတယ်” ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းမှ ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦး ကပြောသည်။
ယခုနှစ်(၂၀၂၃) စက်တင်ဘာမှ စတင်ကာ စစ်ကောင်စီတပ်များသည် ထားဝယ်ခရိုင်အပါအဝင်၊ တနင်္သာရီတိုင်း တစ်ခု လုံး သို့ စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်လာသည့်အတွက် စစ်ဘေးရှောင်ဦးရေ မြင့်တက်ခဲ့ပြီး၊ စက်တင်ဘာ နောက်ဆုံး ပတ်အထိ မြေပြင်စစ်ဘေးရှောင်ဦးရေ ၂၁၀၀၀ ကျော်၊ ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေါနတနင်္သာရီအဖွဲ့၏ မှတ်တမ်း ကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။














