ပဲခူးတိုင်းအတွင်း ရေကြီး၊ ရေလျှံမှုကြောင့် မိုးစပါးစိုက်ပျိုးလယ်ဧက တစ်သိန်းကျော်အထိ ပျက်စီးခဲ့ကြောင်း UNDP Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်းအတွင်း ရေကြီး၊ ရေလျှံမှုများကြောင့် ပဲခူးမြို့တွင် စိုက်ပျိုးဧက (၅၀,၀၀၀) နီးပါး၊ ဒိုက်ဦးတွင် ဧက (၂၀,၀၀၀) နီးပါး၊ သနပ်ပင်တွင် ဧက (၂၂,၀၀၀) ကျော်နှင့် ကဝဘက်တွင် ဧက (၁၂,၀၀၀) ကျော်အထိ ထိခိုက်ပျက်စီးခဲ့ပြီး ၊လက်ရှိ အချိန်အထိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီမှ ကူညီထောက်ပံ့ပေးမှုများ၊ တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“ ပဲခူးမြို့တစ်မြို့တည်းမှာတင် ရေမြှုပ်တဲ့ လယ်ဧကပေါင်းမနည်းဘူး။ ထုတ်ပြန်ချက်တွေအရ ငါးသောင်းလောက် ရှိ တယ်ဆိုပေမယ့် မြေပြင်မှာ ခုနှစ်သောင်းကျော်လောက်အထိ မြင့်တက်သွားနိုင်တယ်။ ဒီနယ်တစ်ဝိုက်မှာ ရေမမြှုပ်တဲ့ လယ်ဆိုတာ မရှိသလောက်ပဲကို အကုန်လုံးရေဝင်တာမှ ပင်လယ်ပြင်ကြီးအတိုင်းပဲ” ဟု ပဲခူးမြို့၊ လယ်ယာစိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၆) ရက်နေ့၊ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစည်းအဝေးရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းအစည်းအဝေးသို့ စစ်ကောင်စီမှ ခန့်အပ်ထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာခရိုင်/မြို့နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်ကြရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ပျိုးလယ်ဧကများအတွက် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ၊ရိတ်သိမ်း နိုင်ရေး စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ကာ စပါးရိတ်သိမ်းခြွေလှေ့စက်များ သက်ဆိုင်ရာဒေသများသို့ အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သော်လည်း လက်ရှိအချိန်အထိ စက် ပစ္စည်းများ ရောက်ရှိလာခြင်းမရှိသေးကြောင်း လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆိုသည်။
“ အခုချိန်အထိတော့ ဘာရိတ်သိမ်းခြွေလှေ့စက်မှ မရောက်လာသေးပါဘူး။ ရောက်လာရင်တော့ အရေးကြီးတဲ့ မြို့နယ်အလိုက် ခွဲတမ်းနဲ့ ပို့ဆောင်သွားဖို့ကို အသင့်ပြင်ထားပါတယ်။ စက်တွေ ရောက်မလာသေးတော့ ကျတော် တို့လည်း ဘာမှမတက်နိုင်ပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပဲခူးတိုင်းအတွင်း ရေကြီး၊ ရေလျှံမှုများကြောင့် မိုးစပါးစိုက်လယ်ဧကအများစုမှာ အချိန်မီ ရိတ်သိမ်းနိုင်ခဲ့ခြင်း မရှိဘဲ၊ လယ်ဧက တစ်သိန်းကျော်အထိ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သဖြင့်၊ မိုးစပါးအထွက်နှုန်းသည် ယခင်နှစ်များထက် သိသိသာသာပင် လျော့ကျသွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
“ သူတို့ကသာ ရိတ်သိမ်းပြီးတဲ့ စပါးတွေ တစ်ဧက ဘယ်နှစ်တင်းထွက်တယ်ပြောနေတာ၊ တကယ့်လက်တွေ့မှာ ရိတ်သိမ်းပြီးသလောက်မှာတောင် ရေစိုကုန်လို့ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တာကြထည့်မပြောဘူး။ ကျန်မရိတ်ရ သေးတဲ့ လယ်တွေမှာလည်း ရေဝင်နစ်မြှုပ်မှုတွေကြောင့် အပျက်အစီးတွေရှိခဲ့တဲ့အတွက် အရင်နှစ်တွေထက် အထွက်နှုန်း သိသိသာသာကို လျော့ကျသွားနိုင်ပါတယ်။ ရေဝင်ခဲ့တဲ့ လယ်တွေက တစ်ချို့ဆို ရိတ်ဖို့နေနေသာ သွားတောင်မကြည့်ကြတော့ဘူး။ အခုချိန်အထိလည်း ဘာအကူအညီမှ မယ်မယ်ရရ မရပါဘူး” ဟု ပဲခူး၌ လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၈) ရက်မှ (၁၂) ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြို့အပါအဝင် မြို့နယ်အများစု၌ ရေကြီးနစ်မြှုပ်မှုများ စံချိန်တင်ဖြစ်ပေါ်ခဲ့ပြီး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။