စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး – ရွှေဘိုလမ်းဘေးရှိ ကျော်ဇေယျာရွာမှ ပြည်သူတစ်ဦးနှင့် ရဲဘော်တစ်ဦးကို၊ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ ရွာရှိ လူနေအိမ် ၈လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့(အောက်တိုဘာ ၁၈ရက်) မနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် စစ်ကားနှစ်စီးဖြင့် ကျော်ဇေယျရွာသို့ ဝင်ရောက်ခဲ့ပြီး၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုအပြင် ပြည်သူများကိုလည်း သတ်ဖြတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ မနေ့ မနက်အစောကြီး ဆားတောင်ရဲစခန်းက ထွက်လာတဲ့ စစ်ကားနှစ်စီး၊ ကျတော်တို့ရွာကို လက်နတ်ကြီးနဲ့ထု ၀င်စီး ပါတယ်။ ရွာကလူအကုန် ထွက်ပြေးကြတယ်။ စစ်သားတွေက တစ်နေကုန် ရွာထဲမှာ တပ်စွဲတယ်။ ညနေ ၅နာရီ ကျော် လောက်၊ စစ်ဘေးရှောင်ရင်း ရွာအနောက်က ရေကန်မှာ ရေချိုးနေတဲ့ရွာသားတွေကို စစ်သားတွေက မြင်ပြီး လိုက်ပစ် တော့တာပဲ၊ ရွာသားတစ်ဦးခေါင်းကျည်ထိမှန်သေဆုံးပြီး၊ တစ်ဦး လက်မောင်းကျည် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ကင်း စောင့်နေတဲ့၊ ရဲဘော်တစ်ဦး ခေါင်းကျည်ထိမှန် ကျဆုံးခဲ့တယ်။ ဒီနေ့မနက်မှအလောင်းတွေ ကောက်လို့ရတယ်” ဟု ကျော်ဇေယျာရွာမှ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများသည် ကျော်ဇေယျာရွာမှ အသက် ၅၃ နှစ်အရွယ် ဦးမင်းဆွေနှင့် အသက် ၂၃နှစ်အရွယ် တော်လှန်ရေးရဲဘော် မောင်ကြီးတို့ဖြစ်ကြောင်း သိရသည်။
” မနေ့ ညနေ ၆နာရီ ကျော်မှာ ရွာမီးရှို့ခံရတာကိုမြင်ရတယ်။ ရွာကိုပြန်ကပ်မရဘူး ။ ဒီနေ့မနက်မှ ရွာပြန်လို့ရတယ်။စစ်သားတွေ အိမ် ၈လုံး မီးရှို့ဖျက်ဆီးသွားတယ်။ တစ်ချို့အိမ်တွေ မွှေနှောက်ဖျက်ဆီးခံရတယ်။ သုံးထပ်တိုက် ၂လုံးကို မီးရှို့ဖို့ခက်တော့၊ တိုက်ကအခန်းတွေထဲ မီးပုံရှို့ဖျက်ဆီးသွားတယ်” ဟု ကျော် ဇေယျာရွာမှ ပြည်သူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၇ ရက်က ဆားတောင်ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက်၊ စစ်ကောင်စီတပ်သည် ယခုကဲ့သို့ ကျော်ဇေယျာရွာအား စစ်ကြောင်းထိုးဖျက်ဆီးမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ရှင်းပြသည်။
” ၁၇ ရက်နေ့ညက ဆားတောင်စခန်း ရောက်နေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတယ်။ ညတွင်းခြင်း ဆား တောင်၊ တောင်ဘက် ကျားမင်းကြီး၊ ကျော်ဇေယျာရွာ တွေဘက်ကို ခြေလျင် စစ်ကြောင်းထိုးတယ်။ ကျော်ဇေယျာက အိမ်တွေမီးရှို့ပြီး၊ ၁၈ရက်နေ့ည မှာ အုန်းတောစစ်တပ်ဘက် ပြန်သွားတယ်။ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ ထိလို့ ပတ်ရမ်း သွားတဲ့ပုံစံပါ။ စစ်ဘေးရှောင်တွေရှိတဲ့ တောတွအထိပါ လိုက်လံပစ်ခတ်ခဲ့တယ်” ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
မန္တလေး – စစ်ကိုင်း-ရွှေဘို လမ်းဘေးရှိ၊ ကျော်ဇေယျာရွာသည် အုန်းတောစစ်တပ်နှင့် ဆားတောင်မြို့ အကြားတည်ရှိ သဖြင့်၊ မကြာခဏ စစ်ကြောင်းထိုးခံရပြီး၊ ဇူလိုင် ၃၀ရက်နေ့ကလည်း လူနေအိမ် ၆လုံး မီးရှို့ဖျတ်ဆီးခံခဲ့ရသေးသည်။











