မကွေးတိုင်း၊ထီးလင်းမြို့နယ်၊ ရေမျက်နီ-ဂန့်ဂေါလမ်းပိုင်းတစ်နေရာတွင် ၁၂ ယာဥ်ဖြင့် တင်ဆောင်လာသောစစ်ကောင်စီထုတ်ကုန် မြန်မာဘီယာများကို စစ်ဆေးတွေ့ရှိသဖြင့် ဖျက်ဆီးလိုက်ကြောင်း Yaw Revolution Army – ထီးလင်းကသတင်းထုတ်ပြန် သည်။
အောက်တိုဘာ၁၈ရက်၊နံနက် ၉ နာရီခွဲခန့်တွင် ကုန်တင်ကားတစ်စီးကို YRA – ထီးလင်းရဲဘော်များ က ရှောင်တခင်စစ်ဆေးရာမှ မြန်မာဘီယာ ဖာ ၃၀ ကျော် နှင့် အခြား စစ်ကောင်စီထုတ် စားသောက်ကုန် အများအပြား သယ်ဆောင်လာသည်ကို တွေ့ရှိဖမ်းဆီးမိခြင်းဖြစ်ကြောင်း သိရသည်။
” မန္တလေးလမ်းကြောင်းကနေ သယ်လာတာ ။ ရှောင်တခင်စစ်ဆေးတာပါ။ အမြဲတစေမဟုတ်ပါဘူး ။ ဘီယာတင်လာတဲ့ ကားကိုတော့ ရေမျက်နီရွာနဲ့ ဂန့်ဂေါမြို့အကြား ပုလဲ – ဂန့်ဂေါလမ်းပိုင်း တစ်နေရာမှာ မြန်မာဘီယာဖာ ၃၀ ကျော် ဖမ်းဆီးရမိခဲ့ပြီး နေရာမှာတင် ဖျက်ဆီးခဲ့တာပါ” ဟု YRA- ထီးလင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယာဉ်ပိုင်ရှင်၊ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို စစ်ဆေးမေးမြန်းခဲ့ရာ စစ်ကောင်စီထုတ်ကုန် မှန်းသိလျက်နှင့် တင်ဆောင်လာခြင်းဖြစ်သလို စစ်ကောင်စီထုတ်ကုန်များ သယ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးတားမြစ်ချက်ကို သိရှိသည်ဟု စစ်ဆေးတွေ့ရှိရကြောင်း ထို့ကြောင့် နောက် နောင်သယ်ဆောင်ခြင်းမပြုရန် ပြင်းထန်စွာ သတိပေးကာ သာမန်စစ်ကောင်စီထုတ် စားသောက် ကုန်များကိုမူ နောက်ဆုံးအကြိမ်အနေနှင့် ပြန်လည်ပေးအပ်ခဲ့ကြောင်း Yaw Revolution Army – ထီးလင်းက ဆိုသည်။
မုံရွာလူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက စစ်တပ်ထုတ်ကုန်များကို လုံးဝ မသုံး စွဲ ခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ပေးကြရန် တိုက်တွန်းသည်။
” ဒါတွေက ကျွန်တော်တို့ တောက်လျှောက် စစ််တပ်ထုတ်ကုန် မသုံးစွဲရေး (Boycott) ကမ်ပိန်းတွေပြုလုပ်နေကြတာပဲ။ မြန်မာဘီယာက ထိပ်ဆုံးကပဲ။ မြန်မာဘီယာသောက်ရင် စစ်အုပ်စုကို ကိုယ့်ကိုသတ်မယ့်ကျည်ဖိုး၊ လက်နက်ဖိုး ပေးတာနဲ့အတူတူပဲ။ စစ်တပ်ထုတ်ကုန်ကိုတော့ ရှောင်ပေးကြပါ။ ဘူးသပိတ်မှာ ပါဝင်ပေးကြပါ။ ဒီကမ်ပိန်းတွေကလည်း အောင်မြင်နေတယ်” ဟု ၎င်းကပြောသည်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က စစ်တပ်ထုတ်ကုန်များကို ဘူးသပိတ်ဆင်နွှဲကြရန် ဆက်တိုက်လှုံ့ဆော်လျက်ရှိ သည်။
GSCB ၏ဒုတိယအကြိမ် Boycott ကမ်ပိန်းတွင်ပါဝင်သော စစ်တပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှု လုပ်ငန်းများမှာ အောင်ဘာလေထီ၊ နန်းမြိုင် တံဆိပ်ကော်ဖီမျိုးစုံ၊ ရွှေဖီဦးတံဆိပ် အသင့်ဖျော် လက်ဖက်ရည်၊ လီမွန်တီး ၊ ရွှေမန်းသူ အမြန်ကားလိုင်း၊ ရွှေမြန်သူ အမြန်ကားလိုင်း၊ ပုသိမ်သူအမြန်ကားလိုင်း၊ သန်မြန်သူအမြန်ကားလိုင်း၊ ရှမ်းမလေးအမြန်ကားလိုင်း၊ မြန်မာဘီယာ၊အက်(ထမန်)တံဆိပ်ပါသည့် အရက်၊ဘီယာ၊အချိုရည်၊ ဒဂုံဘီယာ ၊ရမ်(Mandalay) ၊ Black Shield Stout ၊ Army Rum ၊ Red Ruby စီးကရက်နှင့် Premium Gold စီးကရက်တို့ ဖြစ်သည်။




