ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့်၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးချင် ပါက အခွန်ဆောင်ထားကြောင်း၊ ထောက်ခံချက် ပါရမည်ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများနှင့် နီးစပ်သူများထံမှ သိရသည်။
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးသည့်ရုံးများတွင် အခွန်ထောက်ခံချက်ပါမှသာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့များကို သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ရက်နေ့မှ စတင်ကာ ကြေညာထားခြင်းဖြစ်သည်။
“အဓိကတော့ PJ(Passport For Job)နဲ့ PS(Passport for Seaman)သမားတွေက အကျုံးဝင်တာပေါ့။ ဒီနှစ်ခုကပဲ အလုပ် အတွက် သွားရတာဆိုတော့လေ။ သူတို့လစာရဲ့ ၂၅ ရာခိုင်နှုန်းကို အခွန်ဆောင်ထားကြောင်း၊ ထောက်ခံချက်ပါမှ နောက်ထပ် သက်တမ်းတိုးခွင့်ပေးမယ်လို့ ရုံးကတော့ စာထုတ်ထားတယ်။ သက်တမ်းတိုးဖို့ လာချိတ်တဲ့သူအတွက် အမတို့ ကူညီပေးတာတောင် ရုံးထဲမှာ အဆင်မပြေဘူး။ အချိန်တွေ ကြာတယ်။ လက်မှတ်ထိုးပေးဖို့ကို အကြာကြီး စောင့်နေရတာပေါ့။ လွယ်လွယ်ကူကူ မဖြစ်တော့ဘူး။ ပြီးခဲ့တဲ့ ကာလတွေတုန်းကလည်း ခက်ခဲတာမှန်ပေမယ့်၊ အခုက အခွန်ကိစ္စတွေကြောင့် ပိုခက်ခဲလာတယ်”ဟု ရန်ကုန်မြို့မှ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးသူတစ်ဦးက ပြောသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ် သတ်တမ်းတိုးရာတွင်၊ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်တွင်းအခွန်များဦးစီးဌာန၌ အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ထောက်ခံချက် ပါရှိမည်ဖြစ်ပြီး၊ ယင်းထောက်ခံချက်မပါပါက သက်တမ်းတိုးခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
ယင်းအပြင် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းမပြုဘဲ၊ ပြည်ပတွင်သာ သက်တမ်းတိုးလိုသူများအနေဖြင့် သက်ဆိုင်ရာရုံးများ၌ အခွန်တစ်ခါတည်းဆောင်ကာ၊ သက်တမ်းနိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ၊ လမ်းကြောင်းနဲ့ သက်တမ်းတိုးလိုက်တာ။ အခွန်တွေဘာတွေလည်း မဆောင်လိုက်ရဘူး။ ဒါပေမယ့် ကုန်ကျစရိတ်ကတော့ များတယ်။ ၁၀သိန်းနီးပါးကုန်တယ်။ ရန်ကုန်မှာက သက်တမ်း တိုးဖို့ မလွယ်တော့ နေပြည်တော်ကို သွားပြီးတိုးခဲ့ရတာ။ အခွန်ဆောင်ရမယ်ဆိုရင်တော့ ဒီ့ထက်ပိုကုန်နိုင်တာပေါ့ဗျာ ” ဟု PS(Passport for Seaman)အတွက် နေပြည်တော်တွင် ပတ်စ်ပို့သက်တမ်းတိုးခဲ့သူတစ်ဦးက ပြောသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် လစဉ် လုပ်ခလစာများ၏ ၂၅ရာခိုင်နှုန်း သို့မဟုတ် ၃လစာ၏ ၂၅ရာခိုင်းနှုန်းအား ပြည်တွင်းဘဏ်များမှ တစ်ဆင့် တရားဝင်လမ်းကြောင်းနှင့် လွှဲပို့ရမည် ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားခြင်းဖြစ်သည်။
“မိသားစုကို စွန့်ခွာပြီး ပြည်ပမှာ အလုပ်လာလုပ်နေရတာ။ ကိုယ့်လုပ်ခလစာတွေက မိသားစုအတွက်ပဲ ဖြစ်ရမှာက အခုတော့ သူတို့အတွက်ပါ ပေးရတော့မယ်။ နှစ်ကြာရင် ကြာသလို အခွန်ဆောင်ရမယ်ဆိုတာက အဆင်မပြေဘူး။ ဒီမှာကလည်း နေထိုင်စားသောက်စရိတ်တွေက နိုင်ငံအလိုက် ကြီးမြင့်တာဘဲ။ ဒီမှာအလုပ်လုပ်ရင်လည်း ဒီရဲ့ ဝင်ငွေ ခွန်ကို ဆောင်ရတာပဲ။ အခုက သူတို့(စကစ)အတွက်ပါ ထပ်ပြီး ဝင်ငွေခွန်ဆောင်ရမယ်။ ဒါဆောင်ပြီးမှ ပတ်စ်ပို့ကို သက်တမ်းတိုးခွင့်ရမယ်ဆိုတာမျိုးကတော့ လုံးဝလည်း လက်ခံနိုင်စရာမရှိဘူး။ မတရားသဖြင့် အနိုင်ကျင့်နေတယ်လို့ပဲ မြင်တယ်”ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်နေ့မှ စတင်ကာ ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့၏ လုပ်ခ လစာအပေါ် နိုင်ငံခြားငွေ အမျိုးအစားအလိုက်၊ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊စစ်ကောင်စီ လက်အောက်ခံ၊ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လအတွင်း ကြေညာခဲ့သည်။