စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ အမြဲတမ်းစစ်ရှောင် ၃သောင်း ကျော်ရှိသည့်အနက် ရာခိုင်နှုန်း ၆၀ ခန့်မှာ ယခုနှစ်အတွင်း နေရပ်စွန့်ခွာခဲ့ရသူများဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ အမြဲတမ်းစစ်ရှောင်များမှာ ချပ်သင်းတိုက်နယ်၊ ပင့်သာတိုက်နယ်နှင့် ကိုးတောင်ဘို့ တိုက်နယ်တို့မှအများဆုံး ဖြစ် ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ခံက ပြောသည်။
“စစ်တပ်က အထိုင်ချလို့ ရွာထဲ ဝင်လို့မရတဲ့သူတွေရယ် ။မီးရှို့ခံရပြီး ပျက်စီးသွားတဲ့သူတွေက အမြဲတမ်းစစ်ရှောင်ဖြစ်နေရတာပါ ” ဟု၎င်းကပြောသည်။
အမြဲတမ်းစစ်ရှောင်စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ ခန့်မှာ စစ်တပ်က အိမ်မီးရှို့သဖြင့် အိမ်မရှိကြတော့ သူများဖြစ်ကြောင်း သိရသည်။
” အစားအသောက်ကတော့ ပြည်သူတွေထဲက တချို့တစ်ဝက်က လယ်ယာလုပ်လို့ရတဲ့သူတွေက လုပ်ကြပြီးတော့ အဲအထဲကနေ စားနေကြတယ်။ ဝန်ကြီးဌာနတွေ(NUGဝန်ကြီးဌာန)ကနေပြီးတော့ ထိုက်သင့်အားလျော်စွာ ကူညီထောက်ပံ့တာရှိတယ်။ NUG ထိန်းချုပ်မှုအောက်မှာရှိတဲ့ နေရာတွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်အခွန်ကောက်ခံတာလည်းရှိတယ်” ဟု ကန့်ဘလူ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
အမြဲတမ်းစစ်ရှောင်များထဲမှ ရာခိုင်နှုန်း ၆၀ ခန့်မှာ ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အို တို့ဖြစ်သောကြောင့် စားဝတ်နေရေးအခက်အခဲ အပြင် တဲထိုးနေထိုင်ရန်အတွက် မိုးကာ၊ အနွေးထည်နှင့် အမျိုးသမီးလစဥ်သုံးများလည်း လိုအပ်နေကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
” နေအိမ်ကိုပြန်လို့လည်း အဆင်မပြေတော့ဘူး ။စားဝတ်နေရေးကလည်း အခု လူများလာတော့သိပ်အဆင်မပြေဘူး။ ကူညီပေးနေတဲ့ ရာခိုင်နှုန်းကလည်း နည်းနေတယ်။ အလှူရှင်တွေလည်း သိပ်မရှိတော့ဘူး။ ဒါကြောင့် သူတို့ ရေရှည်ရပ်တည်နိုင်ဖို့အတွက် အခက်အခဲပိုများနေတယ်။ ဝမ်းစာအတွက် လယ်ယာ လုပ်ကိုင်နေကြတဲ့သူတွေကတော့ရှိတာပေါ့ ။နည်းနည်းလေး ကာရုံလောက်ပဲရှိတာ ” ဟု ၎င်း က ပြောသည်။
မကျန်းမာသဖြင့် အမြဲတမ်းစစ်ရှောင်ဘဝဖြင့် သေဆုံးသွားသော သက်ကြီးရွယ်အိုများမှာ စစ်ရှောင် စုစုပေါင်း၏ ၂ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၁၉ ရက်နေ့)နံနက်တွင်လည်း ကန့်ဘလူမြို့နယ်၊ချပ်သင်းနှင့်ကိုးတောင်ဘို့တိုက်နယ်အတွင်း ရှိ ရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းထိုးလာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသည့် ပြည်သူများလည်း ရှိကြောင်း စုံစမ်းသိရသည်။