မန္တလေးတိုင်း၊တကောင်းတိုက်နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အောက်တိုဘာ၁၁ရက်နေ့မှစတင်ကာ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရွာမှာနေ၍ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့ထံကသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၄ရက်တွင် တကောင်းတိုက်နယ်အတွင်းရှိ သီးကုန်းရွာ၊ အောက်တိုဘာ ၁၆ရက်တွင် ရေယာဥ်ရွာနှင့် အောက်တိုဘာ ၁၇ရက်တွင် မတောရွာရှိ အိမ်၆လုံး ကို မီးရှို့ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ဘယ်အချိန်တွေကရှို့တာလဲဆိုတာတော့အတိအကျမသိလိုက်ရဘူး။သူတို့စစ်ကြောင်းမှာဒလန်ပါတယ်။ဒီအိမ်၊ ဒီအိမ် PDF နေတယ်ဆိုပြီး လိုက်ပြလို့ ရွေးရှို့သွားတာ။ဒေသခံတွေက စစ်ကြောင်းနဲ့ဝေးတဲ့ ရွာတချို့မှာရှောင်နေကြတယ်။ တချို့ကလည်း မြို့ပေါ်ရှောင်ကြတယ်” ဟု ၎င်းကပြောသည်။
အောက်တိုဘာ ၁၂ရက်နေ့မှစတင်ကာ တကောင်းတိုက်နယ်အတွင်းရှိ ကိုးပင်၊ဝါးရုံကုန်း၊သီးကုန်း၊ဆယ်ဇင်းကုန်း၊လက်ပန်ကုန်း၊ရေယာဉ်၊မတောင်၊ပေါ်တော်မှုနှင့်ဆင်ညှပ်ကုန်းရွာများမှဒေသခံ များ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
တကောင်းတိုက်နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
“ အဖွဲ့တွေက ဒရုန်းတွေနဲ့ချတယ်။ မိုင်းဆွဲတယ်။ ထိပ်တိုက် တိုက်ပွဲတွေရောလုပ်ကြတော့ သူတို့ဘက်အထိနာနေတာ။စစ်ကြောင်းက အခု တကောင်းကိုဦးတည်နေတာ။ မြို့ထဲအင်အားဖြည့်မယ်လို့ ယူဆတယ်။ သိပ်တော့မသေချာဘူး၊တိုက်ပွဲကတော့ အခုနောက်ပိုင်း တစ်ရက်ကို ၅ကြိမ်လောက်ဖြစ်နေတာ” ဟု ၎င်းကပြောသည်။
ဒဏ်ရာရစစ်သားများဖြင့် ကြာညှပ်ဆေးရုံသို့ ကားဖြင့် ပို့ဆောင်ကုသလျက်ရှိပြီး နှစ်ဘက် ထိခိုက်မှု အခြေအနေကိုမူ အတည်မပြုနိုင်သေးပေ။