စစ်သားများနှင့် အရက်အတူ မသောက်ရန် ရန်ကုန်မြို့ ရဲစခန်းအချို့တွင် ညွှန်ကြားထားကြောင်း သိရသည်။
စက်တင်ဘာ ဒုတိယအပတ်မှ စတင်ကာ ကြည့်မြင်တိုင်မြို့မရဲစခန်းနှင့် စမ်းချောင်းမြို့မရဲစခန်းတို့တွင် စစ်သားများနှင့် အရက်အတူမသောက်ရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲများအား ညွှန်ကြားထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒါက တိုင်းစစ်ဌာနချုပ်က ချထားတဲ့ ညွှန်ကြားချက်တော့မဟုတ်ဘူး။ရဲ အချင်းချင်းသတိပေးတာပေါ့။တူတူသောက်ရင်းနဲ့ ရန်ထဖြစ်တာမျိုးတွေ၊ပစ်ခတ်တဲ့ ပြဿနာတွေဖြစ်မှာစိုးလို့ပါ။စမ်းချောင်းရဲစခန်းနဲ့ ကြည့်မြင်တိုင်ရဲစခန်းမှာတော့ ရဲတွေကို စစ်သားတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းက ပြောသည်။
ယင်းညွှန်ကြားချက်နှင့် ပတ်သက်ပြီး ဒဂုံမြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို မေးမြန်းရာ နှုတ်မိန့်သာဖြစ်ပြီး တရားဝင်ညွှန်ကြားချက်မဟုတ်ကြောင်း ပြောသည်။
“ တကယ်တော့ ရဲစခန်းတိုင်းမှာ အဲ့လိုမျိုး ညွှန်ကြားထားချင်မှ ထားမယ်ပေါ့။ရဲ နဲ့ စစ်တပ်ကြားမှာလည်း ကင်းလှည့်ချိန်တွေနဲ့ လုံခြုံရေးတိုးမြှင့်တယ်ဆိုပြီး ကင်းစောင့်ခိုင်းတဲ့ အခါတွေမှာ အချင်းချင်း မတည့်တာရှိတယ်။စစ်တပ်က လူတွေကလည်း ရဲတွေဆိုဗိုလ်ကျတယ်။ရဲတွေကလည်း မြို့နယ်အလိုက် စားဂွင်တွေက စစ်သားတွေကို မသိချင်ဘူး။အဲ့တော့ တာဝန်ချိန်မှာ မသောက်ရဘူးဆိုပြီး တစ်ဖက်လှည့်နဲ့ ရဲအချင်းချင်းသတိပေးထားတာပေါ့။ဒီလိုပြောတဲ့အပေါ် ရဲတွေကလည်း မကန့်ကွက်တော့ ညွှန်ကြားချက်လိုဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ရှိ မြို့မရဲစခန်းဝန်းအချို့တွင် ရဲတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအရ လက်ဖက်ရည်ဆိုင်နှင့် မုန့်ဆိုင်များ ဖွင့်ခွင့်ပြုထားပြီး အရက်ပုန်းရောင်းချမှုများလည်း ရှိကြောင်း အမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးက ပြောသည်။
“ ရဲစခန်းတွေမှာ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဆိုင်တွေဖွင့်ခွင့်ပြုထားတယ်။အရက်ရောင်းချခွင့်တော့ မပေးထားဘူး။ဒါပေမယ့် မြေပြင်မှာ လုံခြုံရေးအရအပြင်ထွက်စားသောက်ဖို့ အဆင်မပြေတော့ အရက်ရောင်းချတဲ့ ရဲစခန်းတချို့ကိုလည်း နားလည်မှုနဲ့ပဲ ခွင့်ပြုထားတယ်။ဒါပေမယ့် နောက်ဆက်တွဲပြဿနာတွေဖြစ်ခဲ့ရင်တော့ ရှေ့တန်းပို့ခံရမယ်လို့ သတိပေးထားတယ်။စစ်သားတွေလည်း ဝယ်နေကြတာပဲ။သူတို့ဟာသူတို့ အဆင်မပြေလို့ ရဲနဲ့ စစ်သား တူတူမသောက်ရလို့ ပြောတာဖြစ်မယ်။တာဝန်ချိန်ပြီးလို့ တူတူသောက်ကြတဲ့အခါလည်း ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းကာ ရှောင်တခင်ဧည့်စာရင်း စစ်ဆေးခြင်း ပြုလုပ်သည့်အခါ ဒဏ်ကြေးငွေ ရရှိပါက စစ်သားနှင့်ရဲတို့ အတူ သောက်စားပျော်ပါးကြ ကြောင်း MPAက စုံစမ်းသိရသည်။