၄၈ နာရီအတွင်း ဘီလူးချောင်းရေ မြင့်တက်လာနိုင်သဖြင့် ဒေသခံများအနေနှင့် ကြိုတင်ပြင်ဆင်ထားရန် လွိုင်ကော်မြို့၌ စစ်ကောင်စီက အရေးပေါ် လိုက်လံကြေညာ နေကြောင်းသိရသည်။
ယနေ့ (အောက်တိုဘာ၁၈ရက်)နံနက် ၁၀ နာရီခန့်တွင် ကယား(ကရင်နီ)ပြည်နယ်၊လွိုင်ကော်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက လွိုင်ကော်မြို့တွင်း၌ အထက်ပါအတိုင်း အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာနေကြောင်း လွိုင်ကော်မြို့နေ ပြည်သူတစ်ဦး ကပြောသည်။

“ ဒီနေ့ မနက် ၁၀နာရီလောက်က လိုက်ပြီးအော်နေတာ။ဘီလူးချောင်းဘေးမှာနေတဲ့ ဒေသခံပြည်သူတွေကို လာမယ့် ၄၈ နာရီအတွင်း ကြိုတင်ပြင်ဆင်ထားဖို့ပေါ့။ဘီလူးချောင်းရေက ဆက်ပြီး မြင့်လာနိုင်တယ်လို့ပြောတယ်။အခုတော့ ရပ်ကွက်ထဲ စားစရာစုတဲ့သူက စု၊အထုပ်သိမ်းတဲ့သူက သိမ်းနဲ့ပေါ့” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့မှစတင်ပြီး အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် ဘီလူး ချောင်းရေ မြင့်တက်လာခဲ့ခြင်းဖြစ် သည်။
“ အခုမိုးဗြဲဆည်ပေါ်က အမြောက်တပ်တွေနဲ့ စစ်သားတွေ မရှိတော့ဘူး။ဘီလူးချောင်းရေကလည်း လွိုင်ကော်မြို့လယ်ခေါင်အထိ ဝင်လာပြီ။ ပြည်သူတချို့ကတော့ သတင်းစကြားကတည်းက ရှောင်ကြတယ်။အခုလိုက်ကြေညာတော့ မယုံတဲ့သူတွေပါ ပြင်ဆင်နေကြပြီ” ဟု ၎င်းက ပြောသည်။
ဘီလူးချောင်းသည် လွိုင်ကော်မြို့လယ်ခေါင်မှ ဖြတ်သန်းစီးဆင်းနေသည့် ချောင်းဖြစ်သည့်အတွက် ချောင်းရေမြင့်တက်လာပါက လွိုင်ကော်မြို့တွင်းတွင် ရေကြီးနိုင်ကြောင်း ကယား(ကရင်နီ)ပြည်နယ်အခြေစိုက် CSOတစ်ဦးက ပြောသည်။

“ မြို့ပေါ်ရပ်ကွက်တွေ တော်တော်များက ဘီလူးချောင်းနဲ့ကပ်နေတာ။ရေကြီးရင် သူတို့အရင်ထိမှာ။အခုက မိုးဗြဲဆည်ကျိုးနိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်နေတယ်။ဆည်အောက်ဘက်ခြမ်းက ရွာတွေနဲ့ စိုက်ခင်းတွေကတော့ ပြီးခဲ့တဲ့ ၄ ရက်ကတည်းက ရေမြုပ်သွားပြီ။အခုလွိုင်ကော်မြို့ကို ပါသတိပေးလာပြီ။စစ်တပ်ဘက်ကလည်း ရသလောက်ထိန်းနေတယ်ကြားတယ်။ဘာလို့ဆို လွိုင်ကော်က သူတို့အဓိက စစ်စခန်းဆိုတော့လေ” ဟု ၎င်းကပြောသည်။
ဘီလူးချောင်း နံဘေးတွင် ဒေါဥခူ ၊မိုင်းလုံး ၊ပန်ကန်း ၊ဘုရားဖြူ ၊ဖောင်းတော၊မင်းစု၊ရွှေတောင်၊မင်္ဂလာ၊ဒေါနိုးကူး၊နမ့်ကွတ်၊ဒေါတမနှင့် လောဓမ္မရပ်ကွက်ကြီးတို့ရှိပြီး ရေဘေးကြိုတင်ပြင်ဆင်မှုများ ယနေ့ လုပ်ဆောင်နေကြကြောင်း လွိုင်ကော်ဒေသခံအချို့က ပြောသည်။
လက်ရှိတွင် မိုးဗြဲဆည်၏ စိုးရိမ်ရေမှတ်သည် ကျဆင်းသွားခြင်းမရှိဘဲ ရေကြီးရေလျှံနိုင်သည့် အနီရောင်အဆင့်၌ ရှိနေသေးသည့်အတွက် တောင်ကွဲစေတီဘုရားဝန်း အတွင်း လူမှုကူညီရေးကားအစီး ၃၀ ထက်မနည်းထားရှိကာ ပြည်သူများအား ကူညီရန် အသင့်ပြင်ထားကြောင်း လွိုင်ကော်အခြေစိုက် လူမှုကူညီရေးအသင်းများထံက သိရသည်။