ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရာ၌ တစ်နှစ်နီးပါးကြာမြင့်ပြီး၊ အမြန်လိုခြင်သူများ အနေဖြင့် ကျပ် သိန်း ၂၀ အထိ၊ ကုန်ကျမှုများရှိနေကြောင်း နိုင်ငံကူးလက်မှတ် ပြုလုပ်ခဲ့သူများထံမှ စုံစမ်းသိရှိရသည်။
လားရိူးမြို့ ၊(၁) ရပ်ကွက်ရှိ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွင်၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် အချိန်ကြာမြင့် သောကြောင့်၊ အချို့သည် ပွဲစားများဖြင့် ချိတ်ဆက်ကာ ကျပ်သိန်း ၂၀ အထိပေးပြီး၊ နိုင်ငံကူး လက်မှတ် လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။
“ပုံမှန်သတ်မှတ်ထားတဲ့ဟာဆိုရင် ၈ သောင်း ပေးဆောင်ရတယ်။ ဒါပေမယ့် တုံကင် ရဖို့ ရက်ချိန်းက ၃ လလောက် ကြာတယ်။ တစ်ချို့ဆိုရင် အနည်းဆုံး ၇ လ၊ အများဆုံး တစ်နှစ်ထိ စောင့်ရတယ်။ ငွေးကြေးမတတ်နိုင်တဲ့သူတွေပေါ့။ ငွေတတ်နိုင်တဲ့သူက ပွဲစားနဲ့လုပ်ပြီး၊ ၁၅ သိန်း၊ သိန်း ၂၀ နဲ့ တစ်ရက်အတွင်းရသွားတာရှိတယ်”ဟု လားရိူး မြို့ခံ တစ်ဦးက ပြောသည်။
လားရှိုးမြို့တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်သူများသည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင် ရန်အတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ရှမ်းမြောက်ဆိုရင် ရှမ်းမြောက်က ဒေသခံတွေပဲ ထုတ်ပေးသင့်တယ်။ အခုက အဲ့ဒီလိုမဟုတ်ဘူး။ မြို့တိုင်းလိုလို ထုတ်ပေးတယ်။ မန္တလေးနေတဲ့သူတစ်ချို့ဆိုရင် လားရိူးမှာ ပိုက်ဆံ ဆယ်ချီပေးဆောင်ပြီး၊ ရက်အနည်းနဲ့ ရသွားလို့ လာလုပ်တဲ့သူအများကြီးဘဲ။ တကယ်ဆိုရင် မဖြစ်သင့်ဘူး”ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
လားရှိုးမြို့ ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌ တစ်ရက်လျှင် နိုင်ငံကူးလက်မှတ် ၅၀ ခန့်သာ ထုတ်ပေးသော် လည်း၊ လျှောက်ထားသူသည် တစ်ရက်လျှင် ၂၀၀ ခန့်ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ နိုင်ငံကူးလက်မှတ်များ ပြုလုပ်ရာတွင် အချိန်ကြာမြင့်ခြင်း၊ ပွဲစားများဖြင့် ပြုလုပ်ရာတွင်လည်း ငွေကြေး အဆမတန်တောင်းခံခြင်းများနှင့်ပတ်သက်ပြီး၊ လားရှိုးမြို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
ထို့ပြင် လားရှိုးမြို့အတွင်း နိုင်ငံကူး လက်မှတ်၊ ပြုလုပ်ပေးနေသည့် ပွဲစားတစ်ဦးထံ ဖုန်းဖြင့် ဆက်သွယ်ရာတွင်လည်း လူကိုယ်တိုင် လာရောက်မေးမြန်းမှသာ ဖြေကြားနိုင်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလတွင် မြန်မာ-တရုတ်နယ်စပ် ဂိတ်များကို ဖွင့်လှစ်ပေးခဲ့ပြီးနောက်၊ တစ်ပတ်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့်အား တရုတ်နိုင်ငံက ခွင့်ပြုပြီးခဲ့သဖြင့်၊ လားရှိုးမြို့၌ နိုင်ငံကူးလက်မှတ် ပြုလုပ်သူ များပြားလာခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ နိုင်ငံကူးလက်မှတ်ရပြီဆိုရင် တရားဝင် အလုပ်လုပ်လို့ရတယ်။ တစ်ပတ်ကတ်ကတော့ သတ်မှတ်ရက်ပြည့်ပြီးလို့ သက်တမ်းမတိုးရင် တရုတ်ရဲက ဖမ်းတဲ့အခါ၊ ထောင်ဒဏ်တွေ ငွေဒဏ်တွေကြနိုင်တယ်။ ပြီးတော့ သုံးနှစ်ကနေ လေးနှစ်တိတိ တရုတ်နိုင်ငံထဲ ပေးမဝင်တော့ဘူး။ နိုင်ငံကူးလက်မှတ်ရထားတော့ အဲ့ဒီအရာတွေကို စိုးရိမ်စရာမရှိဘူး” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက ရှင်းပြသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်စျေးနှုန်းမြင့်တက်ခြင်းများကြောင့် လူငယ်အများစုသည် တရုတ်၊ ထိုင်း နှင့် မလေးရှားနိုင်ငံများသို တရားဝင် သို့မဟုတ် တရားဝင်နည်းလမ်းများဖြင့် သွားရောက်အလုပ်လုပ်ကိုင်မှု ပိုမိုများပြားလာခြင်းလည်းဖြစ်သည်။