ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို လက်နက်နှင့် ဆက်စပ်ပစ္စည်များ ရောင်းချနေမှုအား ရပ်တန့်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံ တိုက်တွန်းလိုက်သည်။
အောက်တိုဘာ၁၇ရက်နေ့၊ နယူးယောက်မြို့၌ ကျင်းပသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ “နျူကလီးယားလက်နက်များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှု အစီအစဉ်တွင်ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်း ပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
မြန်မာစစ်တပ်အပေါ် အပြည့်အဝ လက်နက်ပိတ်ပင်ခြင်းသည်သာ ပြည်သူများအပေါ် ၎င်းတို့ ကျူးလွန်လျက်ရှိသည့် ရက်စက်သတ်ဖြတ် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်မည်ဖြစ် ကြောင်း သံအမတ်ကြီး က ပြောသည်။
“ကျနော်တို့ ပြည်သူ့သံအမတ်ကြီးရဲ့ ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာ့အရေးပြောကြားချက်၊ တောင်းဆို တိုက်တွန်းချက်တွေဟာ လက်တွေ့ ဖြစ်ထွန်းမှု မရှိတာကတစ်ပိုင်း၊ပြောစရာရှိတာတွေ ကို ကမ္ဘာကြီးသိအောင် ပြောကိုပြောရမယ်ဆိုတဲ့မူနဲ့ ဆက်ပြောနေရမှာပဲ”ဟု နိုင်ငံရေးသုံးသပ်သူတစ် ဦးကပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ အလွန်အမင်းဆိုးရွားလျက်ရှိပြီး ထိခိုက်ခံစား နာကျင်ရမှုများအတွက် ဖော်ပြရန်စကားလုံးများ မရှိကြောင်း၊ စစ်တပ်သည် နိုင်ငံများမှ တင်သွင်းပေးပို့သည့် စစ်လေယာဉ်များ၊ လက်နက်ကြီးများနှင့် အခြား စစ်လက်နက် ပစ္စည်းများကို အသုံးပြု၍ လူသားအရင်းအမြစ်အပေါ် ကျူးလွန်မှုများနှင့် ရက်စက် သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်းသံအမတ်ကြီးက ဆက်လက်ပြောသည်။
မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက စစ်ကောင်စီ ကို သံတမန်ဖိအားပေးရုံဖြင့် မည်သို့မျှ ပြောင်းလဲမည်မဟုတ်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိသော်လည်း မသိချင် ယောင်ဆောင်နေကြောင်း သုံးသပ်သည်။
“မကြာသေးဘူး။မုန်လိုင်ခက်စစ်ရှောင်ရွာတိုက်ခိုက်ခံရတယ်။တိုက်ခိုက်ပြီးပြီးချင်းမှာပဲ သံအမတ် ကြီး ကလည်း ကုလသမဂ္ဂအစည်းအဝေးတစ်ခုမှာ မုန်လိုင်ခက် တိုက်ခိုက်ခံရမှုကို ဖွင့်ချခဲ့တယ်။ နိုင်ငံ တကာအသိုင်းအဝိုင်းကလည်း စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုလုပ်မှ အပြောင်းအလဲဖြစ် မယ်ဆိုတာ သိတယ်။မလုပ်ပေးနိုင်တာလား၊မလုပ်ပေးနိုင်သေးတာလား မပြောတတ်ပေမဲ့ မသိချင် ယောင်ဆောင်နေတာတွေ့ရတယ်”ဟု ၎င်းကပြောသည်။
မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်သည် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက် ရန် အကြံအစည်ရှိခဲ့ပြီး လက်ရှိ စစ်တပ်သည်လည်း အဆိုပါအကြံအစည်နှင့်ပတ်သက်၍ ထပ်မံ လှုံ့ဆော်နေခြင်းကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် သေချာ စောင့်ကြည့် စစ်ဆေးသင့်ကြောင်းလည်း သံအမတ်ကြီးက တိုက်တွန်းခဲ့သည်။