စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် သေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူများအတွက် တော်လှန်ရေးအင်အားစုတချို့ စုပေါင်းကာ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆုတောင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျတော်တို့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ပြုလုပ်မှာဖြစ်ပါတယ်။ မုန်လိုင်ခက်စစ်ရှောင်စခန်းရဲ့ ဖြစ်စဉ်ကို အဓိကထားပြီး ဆုတောင်းပွဲလုပ်မှာဆိုပေမယ့် စစ်အာဏာသိမ်းတည်းက ကျဆုံးခဲ့ကြရတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူ တွေအတွက်ပါ ဆုတောင်းပွဲ လုပ်မှာပေါ့။ တော်လှန်ရေးအင်အားစုက အဖွဲ့တွေနဲ့ တော်လှန်အနုပညာရှင်တွေလည်း ဒီဆုတောင်းပွဲမှာ ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်”ဟု အပြစ်မဲ့အရပ်သားပြည်သူများအတွက် ဆုတောင်းပွဲ ပြုလုပ်မည့် တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်ကာ အင်အားသုံး၍ ဖြေရှင်းခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်များသည် ၎င်းအား မထောက်ခံသည့် မည်သည့်ပြည်သူကိုမဆို ရန်သူသဖွယ် ဆက်ဆံနေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။
“အကြမ်းဖက် နည်းလမ်းနဲ့ အင်အားတွေကို အသုံးပြုပြီးတော့ နံပါတ်တစ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်။ နံပါတ်နှစ်အချက်က လူသားမျိုးနွယ်စုတွေပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နံပါတ် သုံးကတော့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ကျူးလွန်တယ်ပေါ့။ ဒီလို ပြည်တွေအပါအဝင် စစ်ရှောင်တွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်တာတွေကို ကျတော်တို့ တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်ကို အပြစ်ပေး အရေးယူဖို့အတွက် တောင်းဆိုတာတွေလည်း ရှိတယ်။ အဲ့ဒီအပြင်ကို NUG အနေနဲ့ကလည်း တွန်းတိုက်တိုက် လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်ဗျ”ဟု ဆုတောင်းပွဲ ပြုလုပ်မည့် တော်လှန်ရေးအင်အားစုမှ နောက်ထပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတကာ အနေဖြင့်လည်း စစ်တပ်၏ ကျူးလွန်မှုများကို ဝမ်းနည်းကြောင်း ဖော်ပြရုံဖြင့် မလုံလောက်ကြောင်းနှင့် အာဏာသိမ်းစ်စစ်ခေါင်းဆောင်အား ထိရောက်သော အပြစ်ပေးအရေးယူခြင်းများ မလုပ်နိုင်ပါက အပြစ်မဲ့အရပ်သားများအပေါ် လက်နက်ကြီးများ သုံး၍ ထိုးစစ်ဆင်နေဦးမည်ဖြစ်ကြောင်း ဆိုသည်။
“အဓိကကတော့ KIA ကို အမြစ်ပြတ်ချေမှုန်းချင်တဲ့ စိတ်နဲ့ လုပ်တာပေါ့။ ဒါကတော့ တော်တော်ကို အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုပါ။ စစ်ကို စစ်ရေးနဲ့ သီးသန့်မဟုတ်ဘဲနဲ့ ဘာမှ အပြစ်မရှိတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာက အောက်တန်းကျတဲ့ စစ်တပ်ရဲ့ စရိုက်လက္ခဏာပေါ့။ သူတို့ရဲ့ စရိုက်လက္ခဏာတွေကို တစ်နိုင်ငံလုံးရော တစ်ကမ္ဘာလုံးရောက သိပေမယ့်လည်း ဒီဟာမှာ ဘယ်သူက တာဝန်ယူမှု တာဝန်ခံမှု ရှိသလဲဆိုတာကို ထုတ်ဖော်ဖို့လိုတယ်။ စစ်တပ်ကတော့ တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးဆိုတာ သိတယ်။ ဒါပေမဲ့ နိုင်ငံတကာကရော ဘယ်လောက်အထိ အရေးယူပေးမလဲဆိုတာ သိချင်တာပေါ့”ဟု ကချင်ဒေသတွင်း ကူညီပေးနေသူတစ်ဦးက ပြောသည်။
နိုင်ငံတကာမှ မုန်လိုင်ခက် စစ်ရှောင်စခန်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်းစာများ ထုတ်ပြန်ပြောဆိုသော်လည်း ယင်းလုပ်ရပ်သည် မည်သည့်အဖွဲ့အစည်းဆိုသည့် အချက်အလက်ကို မတွေ့ရပေ။
အရပ်သား ၂၉ ဦးသေဆုံးခဲ့ရပြီး အယောက် ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မုန်လိုင်ခက်ဖြစ်ရပ်သည် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA မှ ထုတ်ပြန်ပြောဆိုထားပြီး စစ်ကောင်စီဘက်ကတော့ ယင်းပေါက်ကွဲမှုသည် လက်နက်သိုလှောင်ထားမှုကြောင့်သာ ဖြစ်ကြောင်း ငြင်းချက် ထုတ်ထားသည်။