ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ နယ်မြေရှိ၊ အနန့်ပါကျေးရွာနှင့် စျေးကို စစ်ကောင်စီတပ်မှ၊ လေကြောင်းအသုံးပြုကာ၊ လာရောက်တိုက်ခိုက်ခဲ့ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ယနေ့ (အောက်တိုဘာ ၁၆ ရက်)၊ ညနေ ၅ နာရီခန့်တွင်၊ ဖားကန့်မြို့၊ အနန့်ပါကျေးရွာနှင့် ကျေးရွာစျေးပတ်ဝန်းကျင်ကို ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်သည့် မြစ်ကြီးနားမြို့မှ တက်လာသော တိုက်လေယာဥ်သုံးစင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ လေယာဥ် သုံးစင်းနဲ့ လာပစ်တာဗျ။ မြစ်ကြီးနားကတက်လာတဲ့ လေယာဥ်တွေ။ တချို့အလုံးတွေကတော့ တောထဲကျပေမယ့် စျေးနားကျတာကတော့ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။
KIA တပ်မဟာ ၉ နယ်မြေ၊ ကံဆီးကျေးရွာအနီး၌ အထိုင်ချထားသည့် စစ်တပ်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခက်လျက်ရှိပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပါ ပြတ်တောက်နေကြောင်း သိရသည်။
“ အနန့်ပါမှာ စျေးရောင်းပြီး မြို့ပေါ်ပြန်လာတဲ့ အသိတွေနဲ့လည်း အခုထိ အဆက်အသွယ်မရသေးဘူး။ အခု လက်နက်ကြီးကျတဲ့ နေရာက စျေးရောင်း၊ စျေးဝယ်တွေပဲရှိတာ” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ဂျက်လေယာဥ်သုံးစင်းဖြင့် လာရောက်တိုက်ခိုက်ပြီးသည့်နောက် တစ်နာရီခန့်အကြာ ညနေ ၆ နာရီခန့်၌လည်း ဂျက်လေယာဥ်နှစ်စင်းဖြင့် ထပ်မံတိုက်ခိုက်ကြောင်း၊ ထိုပစ်ခတ်မှု့၌ ထိခိုက်သေဆုံးမှုများရှိသည်ဟု သတင်းရင်းအမြစ်များက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက် သေဆုံးများရှိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ယခုရက်ပိုင်းအတွင်း နမ့်ဆန်ယန်၊ လိုင်လွမ့်အောင်ဂျာကျေးရွာနှင့် ဒေါ့ဖုန်းယန်မြို့သစ်၌ စစ်ကောင်စီတပ်နှင့် KIA တပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်အနေဖြင့် ဒေသခံများ၏ နေအိမ်များ၊ ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။