မန္တလေးတိုင်း၊မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ယနေ့(အောက်တိုဘာ ၁၆ ရက်)ဖြစ်ပွားသော တိုက်ပွဲတွင် PDFရဲဘော်၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၄ နာရီမိနစ် ၂၀ ခန့်တွင် မိုးကုတ်မြို့နယ်၊ဖြူရောင်ကျေးရွာအနီး၌ စစ်တပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ PDFတပ်ဖွဲ့အချို့ထံက သိရသည်။
“ ဒီမနက်တိုက်ပွဲကြီးတယ်။ နှစ်ဘက်ကျဆုံးမှုရှိပါတယ်။စစ်ကြောင်းထိုးလာတာတော့မဟုတ်ဘူး။ သူတို့က အင်အားဖြည့်ပြီး ပိတ်ဆို့ထားလို့ ဖြစ်တာပါ။ တိုက်ပွဲက ဖြစ်နေတာရက်တော်တော်ကြာပြီ။ သာလွန်ပစ်အားကြောင့် ကျနော်တို့ရဲဘော်တွေထိတယ်ပဲပြောရမှာပေါ့” ဟု မိုးကုတ်ဗျူဟာ တပ်ရင်း- ၁၂၂၃ မှတပ်ရင်းမှူး ရဲဘော်လရောင်ကပြောသည်။
ဖြူရောင်ကျေးရွာအနီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မူ စိစစ်ဆဲ ဖြစ်ကြောင်း သိရသည်။
မိုးကုတ်မြို့နယ်အခြေပြုတပ်ရင်းတစ်ခုဖြစ်သည့် တပ်ရင်း- ၁၂၂၁ မှ ရဲဘော်ဆံရှည်သည်လည်း အောက်တိုဘာ ၁၄ရက်နေ့တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း Red Wolves Of Mogok က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၁၂ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က ဖြူရောင်ကျေးရွာဘက်သို့ အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေခြင်း ကြောင့် TNLA ပူးပေါင်းတပ်နှင့်နေ့စဥ်တိုက်ပွဲ ဖြစ်နေကြောင်း တအောင်းတပ်မတော်-TNLA က အောက်တိုဘာ ၁၅ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။
မိုးကုတ်မြို့နယ်အတွင်း စစ်တပ်နှင့်TNLA တပ်တို့ အောက်တိုဘာ ၁၂ရက်နေ့မှစတင်ကာ တိုက်ပွဲ ၅ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်အခြေအနေကိုမူ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
အောက်တိုဘာ၁၂ရက်မှစတင်ကာ မိုးကုတ်မြို့ထဲမှ စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားရာနေရာများဆီ သို့ တစ်ရက်လျှင် လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ခတ်နေကြောင်း မိုးကုတ်မြို့အရှေ့ပိုင်းနေအမျိုးသမီးတစ်ဦးကပြောသည်။
“ ဖြူရောင်ညောင်ကုန်းဘက်ကို နေ့တိုင်းလက်နက်ကြီးနဲ့ပစ်တယ်။ပစ်တဲ့လက်နက်ကြီးကလည်းမြို့ထဲအိမ်တွေပါတုန်တယ်။တစ်ချက် တစ်ချက်ဆိုအိမ်ပါတုန်သွားတာ။ နေ့တိုင်းပစ်နေတာပဲ။ ညသန်းခေါင်လည်း ထပစ်နေတာ” ဟု၎င်းကပြောသည်။
မိုးကုတ်မြို့နယ်တွင် စက်တင်ဘာ ၁၀ရက်နေ့မှစတင်ကာ စစ်တပ် နှင့်TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးကျေးရွာ ၅ရွာမှ ဒေသခံ ၄၀၀ ကျော် မိုးကုတ်မြို့ပေါ်သို့ ရောက်ရှိ စစ် ရှောင်နေရသည်။
” ခုထိမပြန်နိုင်သေးပါဘူး။ စစ်တပ်ကဘယ်လိုပြောပြော ပေးမဝင်ဘူးလေ။ သူများပေးတာကျွေးတာ စားနေရတာပါ။အိမ်ပြန်ရင်လည်း အိမ်ကဖျက်ဆီးခံထားရတယ်။ နေ့တိုင်းတိုက်ပွဲဖြစ်နေတော့မပြန် ရသေးဘူး” ဟု ဖြူရောင် ကျေးရွာမှ စစ်ရှောင်တစ်ဦးကပြောသည်။
စစ်ဘေးရှောင်အချို့မှာမူ မိုးကုတ်မြို့ပေါ်သို့ ရောက်မလာဘဲ တောထဲနှင့် နီးစပ်ရာနေရာများတွင် ခိုလှုံနေကြကြောင်း သိရသည်။