စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာမှ ပြည်သူ ၆ဦးကို စစ်ကောင်စီတပ်က သတ်သွားကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက်နေ့၊ ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၅ရက်နေ့၌ ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာသို့ရောက်ကာ ယင်းကျေးရွာရှိ ပြည်သူ ၆ဦးကို သတ်သွားခြင်းဖြစ်ကြောင်းယင်းမာပင်မြို့နယ်ပအဖထံက သိရသည်။
” ကျွန်မတို့ဆီမှာ သူတို့နဲ့တွေ့ရင် ဖမ်းရင်ဖမ်း သတ်ရင်သတ်ပဲလေ။ စစ်ရှောင်ရင်း ပိတ်မိသွားတာ။ စစ်ကြောင်းထွက်သွားပြီဆိုပြီး ပြန်ဝင်ရင်း ကင်းပုန်းနဲ့မိပြီး အမျိုးသားတွေကိုသတ်သွားတာ” ဟု ယင်းမာပင်မြို့နယ်ပအဖ တာဝန်ရှိသူတဦးက MPA သို့ပြောသည်။
သတ်ဖြတ်ခံရသူများသည် အသက် ၄၀ဝန်းကျင်အရွယ်ရှိအမျိုးသား၃ဦးနှင့် အလယ်တန်းကျောင်းသား ၃ဦးတို့ဖြစ် ကြောင်း ၎င်းကပြောသည်။
” လက်ရှိက အလောင်းတွေပဲ မီးရှို့ရင်းဘာရင်းနဲ့ ရှင်းနေကြတုန်းရှိသေးတယ်။ ဓားစာခံပါသွားတာကလည်း မိန်းကလေးတွေကပါမသွားဘူး။ ချန်ခဲ့တယ်။ ယောက်ျားလေးတွေကလည်း အသတ်ခံရတာဆိုတော့လည်း ဘယ်နှစ်ယောက်ပါသွားလဲ တိတိကျကျမသိရသေးဘူး။ ပါတော့ပါသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသို့သတ်ဖြတ်ပြီးနောက် ပြည်သူ ၅၀ဝန်းကျင်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၅ဦး ပြန်လည်လွတ်လာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၀ ခေါင်းဆောင် ရဲဘော်ပေက ပြောသည်။
” သူတို့စစ်ကြောင်းနဲ့ပဲရှိနေတယ်။ခုလောလောဆယ်တော့ အဆက်အသွယ်ရတာတော့မရှိသေးဘူး။ ပြန်လွတ်လာတဲ့သူတွေဆီကနေလည်း ဘာမှ မသိရသေးဘူး။ သတင်းလိုက်နေတုန်းပဲရှိသေးတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၁၅ရက်နေ့က ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။
ယင်းသို့စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာ ၃၀ ဝန်းကျင်မှ ဒေသခံပြည်သူသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံပြည်သူတဦးက ပြောသည်။
“ စစ်ရှောင်ရပြီဆိုမှတော့ ဖြစ်သလိုနေရတယ်။ ဖြစ်သလိုစားရတယ်။ ဖြစ်သလိုအိပ်ရတယ်။ စစ်ကြောင်းကလည်းရှိနေတော့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကလည်း ချက်ချင်းမလာနိုင်ဘူး။ တစ်ရွာနဲ့တစ်ရွာ ကူညီစောင့်ရှောက်ကြရတာပေါ့” ဟု ၎င်းကပြောသည်။
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ရှောင်ပြည်သူများ၏ စားဝတ်နေရေးအတွက် ကူညီစောင့်ရှောက်ပေးနေကြောင်း ယင်းမာပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စစ်ရှောင်ကူညီနေသူတဦးက ပြောသည်။
” ရွာကြီးတွေချည်းပဲဆိုတော့ လူဦးရေက သောင်းဂဏန်းလောက်ရှိမယ်။ ဒီဘက်တွေက တစ်ရွာနှင့်တစ်ရွာကူးပြီး ရှောင်ရတာဆိုတော့ ထောက်ပံ့တာကလည်း မြို့နယ်အုပ်ချုပ်ရေး အနေနဲ့ ရွာအုပ်ချုပ်ရေးတွေကိုမှာထားပြီး ရွာဘုန်းကြီးကျောင်းတွေမှာ စုဝိုင်းကျွေးပြီး ထားထားတယ်။ စစ်ကြောင်းခဏခဏထိုးပြီး ခဏခဏရှောင်နေရတော့ သွားရှောင်ရတဲ့ ရွာက ရွာခံတွေကလည်း ပန်းလာပြီး ရိက္ခာတွေလိုနေတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့( အောက်တိုဘာ ၁၆ရက်)တွင် ရွှေလှန်၊ အင်းထန်းတောကုန်းနှင့် ရင်ပေါင်တန်ကျေးရွာတို့သို့ ၃ ဖွဲ့ခွဲကာ ရောက်ရှိနေကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသော ဒေသခံပြည်သူအရေအတွက်ကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။