စစ်ကောင်စီက ပြည်သူကို အသိမပေးဘဲ မိုးဗြဲဆည်ရေအား ဖောက်ချနေသဖြင့် လယ်ဧက ထောင်ချီရေမြုပ်သွားကြောင်း သိရသည်။
အောက်တိုဘလ ၁၂ရက်နေ့မှစတင်ကာမိုးအဆက်မပြတ်ရွာသွန်းသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဘီလူးချောင်းရေများ မြင့်တက်လာပြီးနောက် မိုးဗြဲဆည် ရေအား ဖောက်ချရန် စစ်ကောင်စီတပ်က စီစဉ်ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ မိုးဗြဲဆည်ကို ၅ပေစီလွှတ်ချနေတာပေါ့။နောက်တစ်ခုက မိုးဗြဲဆည်က လက်နက်ကြီးဒဏ်ကြောင့် အက်နေတာ။အဲ့တော့ ရေကို ထိန်းလွှတ်နေရတာ။တကယ်လို့ ရေထိန်းတာ မနိုင်ခဲ့ရင် အခြေအနေထိန်းဖို့ သက်ဆိုင်ရာဌာနတွေကို အရေးပေါ်အစည်းအဝေးခေါ်တယ်။၁၂ရက်နေ့က ကျန်းမာရေးဌာနကလူတွေနဲ့ အစည်းအဝေးထိုင်တယ်။မနေ့(အောက်တိုဘာ ၁၅ ရက်)ကလည်း ထိုင်သေးတယ်” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၁၂ရက်နေ့မှ စတင်ပြီး ၁၄ရက်နေ့အထိ မိုးဗြဲဆည် ရေကာတာမှ ရေအမြင့်ပေ ၅ပေ လွှတ်ချခဲ့ပြီး အောက်တိုဘာလ ၁၅ရက်နေ့က ရေအမြင့်ပေ ၁၂ပေလွှတ်ချခဲ့ကြောင်း မိုးဗြဲမြို့ရှိ CSOတစ်ဦးက ပြောသည်။
“ ဒီနေ့ဆို လွိုင်ကော်မြို့ထဲထိရေရောက်နေပြီ။လွိုင်ကော်ထဲက ဘုရားဖြူရွာ အိမ်အောက်ထပ်ရေမြုပ် တယ်။ဘုရားနီနဲ့ ဖောင်းတောလည်း မြုပ်တာပဲ။ စပါးခင်းတော့ ပြောမနေနဲ့တော့။ကားလမ်းက လောလောဆယ် ဒန်ဘာကားပဲ သွားလို့ရတယ်။မိုးဗြဲဘက်က ပတ်သွားဖို့တော့ စိတ်မကူးနဲ့ အခြေအနေတော်တော်ဆိုးနေတယ်” ဟု ၎င်းက ပြောသည်။
မိုးဗြဲဆည် ရေကို ၄ ရက်ဆက်တိုက် လွှတ်နေသော်လည်း မိုးဗြဲဆည်၏ စိုးရိမ်ရေမှတ်သည် ကျဆင်းသွားခြင်းမရှိဘဲ ရေလျှံနိုင်သည့် အဆင့်သို့ရောက်ရှိလာနိုင်သည့်အတွက် တောင်ကွဲစေတီဘုရားဝန်း အတွင်း လူမှုကူညီရေးကားများထားရှိကာ ပြည်သူများအား ကူညီရန် အသင့်ပြင်ထားကြောင်း လွိုင်ကော်အခြေစိုက် လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“ အခုက မိုးလည်းဆက်ရွာမယ်။ရေလည်းလွှတ်မယ်ဆို နန့်ကွတ်၊ ရွှေတောင်ဘက်က ရွာတွေအကုန် ရေမြုပ်မယ်။ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။လွိုင်ကော်မြို့ထဲက ဒေါတမ၊ လောဓမ္မ၊ ဓမ္မာရုံ၊ မှုံပြာ၊ နန့်ကွတ်၊ ဈေးပိုင်း၊ ရွှေတောင်နဲ့ ဒေါနိုကူး ရပ်ကွက်တွေအထိပါ ရေဝင်လာနိုင်တယ်။အဲ့ဒါမို့ လူနာတင်ကား အစီး၃၀နဲ့ တောင်ကွဲစေတီမှာ ကူညီဖို့ အသင့်ပြင်ထားကြတာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဘီလူးချောင်းရေ အဆတန်မြင့်တက်နေမှုကြောင့် ဆည်အောက်ပိုင်းရှိ ရွာများ ရေလွှမ်းကာ စိုက်ခင်းနှင့် စပါးခင်းများ ပျက်စီးခဲ့ပြီး မိုးဗြဲ မြို့နေပြည်သူများမှာလည်း လွိုင်ကော်မြို့တွင်းသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း MPAက စုံစမ်းသိရသည်။









