မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မင်းရွာရှိ ဆောက်လုပ်ဆဲ အကျဉ်းထောင်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၄ရက်နေ့၊နံနက် ၁၁နာရီ ကျော်က မော်လမြိုင် – ကျိုက်မရော ကားလမ်းဘေး၊ ၆မိုင်ထိပ်မှ မင်းရွာထောင်သစ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း ထံက ပြောသည်။
ယင်းတိုက်ခိုက်မှုကို Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်း တပ်ခွဲ(၂) နှင့် ဂဋ္ဌုန်စစ်ကြောင်းမှ ဒရုန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဂဋ္ဌုန်စစ်ကြောင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒရုန်းဗုံး ၃လုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ပစ်မှတ်ကို ထိပြီး ဗဟိုကင်းအနောက်ဘက် မြေပြင်ပေါ်နဲ့ သုံးထပ်ဆောင် ဗဟိုကင်းအမိုးပေါ်ကျပြီး ပေါက်ကွဲခဲ့ပါတယ်။ဆောက်လို့ ပြီးနေပြီဖြစ်တဲ့ အမိုး၊ မျက်နှာကျက်နဲ့ မှန်တွေပျက်စီးသွားပါတယ်။စစ်တပ်ဘက်က သေ၊မသေတော့ အခုထိ အတည်မပြုရသေးပါဘူး” ဟု ၎င်းက ပြောသည်။
ယခု အကျဉ်းထောင် တိုက်ခိုက်မှုသည် စစ်ကောင်စီ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်၌ ပထမဆုံးအကြိမ်ဖြစ်သည်။
“ ဒီမှာက မော်လမြိုင်မှာ ထောင်ကြီးရှိတယ်။အဲ့ဒါ အစ်မတို့ငယ်ငယ်ကတည်းကရှိတာ။အခုက မော်လမြိုင်ထောင်ကြီး မှာ ထောင်သားတွေ များလို့ဆိုပြီး မင်းရွာမှာ ၂၀၂၂က ထောင်ဆောက်နေတာ။အခုတော့ လုံခြုံရေးတွေ အများကြီးချထားတယ်။စစ်တပ်ရော၊ ရဲရော မင်းရွာထောင်နားမှာ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။
မင်းရွာအကျဉ်းထောင်တွင် ဗဟိုကင်း သုံးထပ်အဆောက်အအုံ၊ အကျဉ်းသား နှစ်ထပ်အိပ်ဆောင်၊ ထမင်းစားဆောင် နှင့် ဝန်ထမ်းအိမ်ရာတို့သာ ဆောက်လုပ်ပြီးစီးသေးကြောင်း သိရသည်။