ယခုနှစ်အတွင်း စာအုပ်ဈေးနှုန်းမှာ ယခင်ကထက် နှစ်ဆကျော်ခန့်မြင့်တက်လာပြီး ဈေးနှုန်းမှာလည်း မကြာခဏ ပြောင်းလဲကွာဟနေသည်ဟု စုံစမ်းသိရှိရသည်။
“ကျတော်ဝယ်တဲ့ အုတ်ကြားမြက်ဆို စဝယ်တုန်းက ၈၀၀၀။ အခုဈေးက ၂၀၀၀၀ ဆိုတော့ ၁၂၀၀၀ လောက်ကြီး ခုန်တက်သွားတာကျတော့ မဖြစ်သင့်ဘူးလေ။ ထုတ်ဝေသူတွေဘက်က ပြောတာတော့ ငွေရေးကြေးရေး ဖောင်းပွတာ၊ စက္ကူဈေးတွေ ကြီးလာတာ အစစအရာရာပေါ့” ဟု ရန်ကုန်မြို့ရှိ စာဖတ်သူတစ်ဦးက ဆိုသည်။
ဈေးနှုန်းများမှာလည်း တည်ငြိမ်မှုမရှိဘဲ မကြာခဏဆိုသလို ပြောင်းလဲနေသည်ဟု သိရှိရသည်။
“ ရွှေဥဒေါင်း ဝတ္ထုတိုစာအုပ်တောင် ပြီးခဲ့တဲ့တစ်လလောက်က ၁၅၀၀၀ လားပဲ။ မနေ့က သွားကြည့်တာ ၂၀၀၀၀ ဖြစ်နေပြီ” ဟု မော်လမြိုင်မြို့ရှိ စာဖတ်သူတစ်ဦးကလည်း ဆိုသည်။
ယခုကဲ့သို့ စာအုပ် ဈေးမြင့်တက်လာခြင်းမှာ စက္ကူဈေးမြင့်တက်ခြင်းကြောင့်ဖြစ်ပြီး အသစ်ထပ်မံ ပုံနှိပ်ထုတ်ဝေရသော စာအုပ်များမှာ ယခင်အကြိမ်များထက် ပိုမိုမြင့်တက်ရခြင်းဖြစ်သည်ဟု သိရှိရသည်။
“ အရင် စာအုပ်အဟောင်းတွေဆိုရင် အစ်မတို့က စာအုပ်ဈေးအတိုင်းပဲ။ ဒီစာအုပ်တစ်အုပ်ကို အရင်က အုပ် ၁၀၀ ထွက်တယ်ဆို လက်ကျန်ရှိလည်း ဒီဈေးအတိုင်းပဲ။ ဒါကို ကုန်သွားလို့ နောက်တစ်ခေါက် ပြန်ရိုက်မယ်ဆို အခု ခေတ်ကာလဈေးတွေပေါ့။ စက္ကူဈေးတက်တဲ့ အခါမှာ အစ်မတို့က လိုက်တက်ရတာ။ အဟောင်းတွေဆိုရင်တော့ မတက်ဘူး” ဟု စာပေလောက စာအုပ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပုံနှိပ်တိုက်များတွင် အသုံးပြုသည့် w.f. (printing paper)၊ I.V၊ Art-card paper၊ sticker၊ carbon-letter စသည့် စက္ကူတို့မှာ အာဏာမသိမ်းခင်ကာလကထက် ၅၀၀၀၀ ကျပ် ဝန်းကျင်ခန့် ဈေးမြင့်တက်လာကြောင်း ပုံနှိပ်တိုက်လုပ်ငန်းများမှ စုံစမ်းသိရှိရသည်။
“ စက္ကူဈေးက ဘယ်လိုမျိုး တက်တာလဲဆိုတော့ ပထမတစ်ခေါက်က အဲ့ဒီ paper ဘယ်လောက်လဲ မေးတော့ ၈၆၀၀၀၊ နောက် နာရီဝက်လောက်နေတော့ ဆက်မေးတော့ အစ်ကိုတဲ့ မရတော့ဘူးတဲ့။ ဈေးတက်သွားပြီတဲ့။ နောက်ထပ် ၃၀၀၀ ထပ်တိုးသွားတယ်။ အရင်တုန်းကတော့ သူတို့ဆိုင်တွေက ပြောတာပေါ့။ ဒေါ်လာဈေးတက်လို့တဲ့။ အခု ဒေါ်လာဈေးကျတော့လည်း သူတို့မကျဘူး။ customer တွေနဲ့ စကားပြောတဲ့အခါကျတော့ သူတို့က ပုံနှိပ်ဈေးတက်တယ်ဘာညာဆိုတော့ ကျတော်တို့က စက္ကူဈေးတက်လို့လို့ ပြန်ပြောရတာပေါ့။ အရင်တုန်းက (အုပ်ရေ) ၁၀၀၀ ထုတ်တဲ့သူက အခု ၅၀၀ ပဲ ထုတ်တော့တယ်” ဟု ပုစွန်တောင်မြို့နယ်ရှိ ပုံနှိပ်စာအုပ်လုပ်ငန်းမှ အလုပ်သမားတစ်ဦးက ဆိုသည်။
စက္ကူဈေး မြင့်တက်ရခြင်းမှာလည်း ပြည်တွင်းမှ ထုတ်သည့် ပုံနှိပ် paper မှာ လုံလောက်စွာ မထုတ်နိုင်ခြင်းနှင့် အရည်အသွေး မပြည့်မီခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ သွင်းယူရခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်ခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု ပုံနှိပ်တိုက် ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယခုကဲ့သို့ စာအုပ်ဈေးနှုန်း မြင့်တက်လာခြင်းသည် စက္ကူဈေး မြင့်တက်ခြင်းတစ်ခုတည်းကြောင့်သာမက မီးအချိန်ကြာမြင့်စွာ ပြတ်ခြင်းကြောင့် မီးစက်နှင့် offset ပုံနှိပ်စက်များ မောင်းရသည့်အခါ ပုံနှိပ်ခနှင့် ဆေးဖိုးတို့ကပါ တက်လာခြင်းကြောင့် ဖြစ်သည်ဟုလည်း သိရသည်။
စာအုပ်ဈေးမြင့်တက်မှုကြောင့် စာအုပ်ဆိုင်များတွင် ယခင်ကထက် ရောင်းအားကျလာပြီး စာဖတ်သူအများစုမှာ စာအုပ်အဟောင်းတန်းနှင့် အွန်လိုင်းမှ စာအုပ်တစ်လက်ကိုင် ရောင်းချသူများထံမှတဆင့် ဝယ်ယူဖတ်ရှုနေကြရသည့် အခြေအနေများလည်း ရှိနေသည်။