မန္တလေးတိုင်း၊ ချမ်းမြသာစည်နှင့် အောင်မြေသာစံမြို့နယ်တို့တွင် စစ်တပ်သတင်းပေးများကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်တွင်၊ အောင်မြေသာစံမြို့နယ်၊ အမှတ် ၄ ရဲစခန်း၌ ရဲတစ်ဦးပစ်သတ်ခံရသည့် ဖြစ်စဉ် အား ပြောကြားခဲ့သည့် အမျိုးသမီးတစ်ဦးကို၊အောက်တိုဘာ ၁၃ရက်၌ စစ်ကောင်စီဝါဒဖြန့် ၊ တယ်လီဂရမ်ချန်နယ်များ က ဖမ်းဆီးမှုပြု လုပ်ပေးရန် ရေးသားမှုများပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်
“ ဟိုတစ်လောက ဖြစ်သွားတဲ့ အမှတ် (၄)ရဲစခန်းပစ်ခတ်မှုနဲ့ ပက်သတ်ပြီးပေါ့၊ ပစ်ခံရလို့သေသွားတဲ့ နယ်ထိန်းနဲ့ စခန်း မှူး နာမည်မှားပြောနေတာတွေ့လို့၊ သူက ကြားကနေ အတည်ပြုပြောပေးတာ၊ ဒါကို သတင်းပေးတဲ့ကောင်က Screen Shot ရိုက်ပြီး သွားတိုင်လို့ အဖမ်းခံရတာပါ၊ အဖမ်းခံရတဲ့သူက အောင်မြေသာစံ၊ စံပြရပ်ကွက်မှာနေတဲ့သူပါ ” ဟု အောင်မြေသာစံမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၃ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ် ၁၃၅လမ်းနှင့် ၅၆Cလမ်းရှိ နေအိမ်တစ်ခုတွင် အမျိုးသား တစ်ဦးနှင့်အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသူသည် ချမ်းမြသာစည်မြို့နယ်၊ စံပြရပ်ကွက်တွင် နေထိုင်သည့် ကိုဇင်ကိုထွန်းဖြစ်ပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှ ဖမ်းဆီးရန် ဆော်ဩပြီးနောက် နာရီပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ကိုဇင်ကိုထွန်းကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖမ်းဆီးစဉ်၊ အနီးတွင်ရှိသည့် အမျိုးသမီးတစ်ဦးပါ ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးရခြင်း၏အကြောင်းအရင်းကိုမူ စစ်ကောင်စီတပ်မှ ဖော်ပြထားခြင်း မရှိပေ။
” သူက အမေစုပုံလည်း တက်တူးထိုးထားတယ်။ ပြီးတော့ NUGကို ထောက်ခံကြောင်းတို့ PDF MDYပုံတွေလည်း တင်ထားတော့ အဲဒါတွေကို ပြပြီး အတိုင်ခံရတယ်။ စစ်တပ်ကလည်း PDFလို့ စွပ်စွဲပြီး ဖမ်းသွားတာပဲ “ ဟု ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် အောက်တိုဘာ ၁၂ရက်ကလည်း၊ မုန်လိုင်ခတ် ဒုက္ခသည် စခန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့သည့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် နေထိုင်သည့် CDM ဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်၊ လူမှုကွန်ရက်စာမျက်နှာများတွင် စစ်တပ်အား ဝေဖန့်သည့် အကြောင်းအရာများ နှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားပြောဆိုမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုများ ပြုလုပ်ရာ၊ ၂၀၂၂ ဖေဖော်ဝါရီလမှ ၂၀၂၃ စက်တင်ဘာလ အထိ ဖမ်းဆီးခံရသူ အရေအတွက် ၁၃၁၆ ဦးအထိရှိပြီး၊ ဖမ်းဆီခံရသူများအနက် တစ်ဝက်နီးပါးသည် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့မှ ဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။