မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အား စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော်၊ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဂန့်ဂေါမြို့အခြေစိုက်၊ ခလရ ၅၀မှ စစ်သား ၈၀ ကျော်ပါ၊ စစ်ကြောင်းသည် ဂန့်ဂေါမြို့ တောင်ပိုင်းသို့ ယမန်နေ့ (အောက်တိုဘာ ၁၄ရက်) မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၁၄ရက်တွင် အောင်မြင်ကျေးရွာ၌ ညအိပ်စခန်းချခဲ့ပြီး၊ ယနေ့(အောက်တိုဘာ ၁၅ရက်)၊ မနက် ၆နာရီခန့်တွင် ယင်းရွာမှ ထွက်ခွာပြီးနောက်၊ အနီးနားရှိကျေးရွာများသို့ ထပ်မံစစ်ကြောင်းထိုး နေခြင်း လည်းဖြစ်သည်။
“ စစ်ကြောင်းက အောင်မြင်ရွာကနေထွက်ပြီးတော့ ဘယ်ကိုဆက်သွားမှန်းမသိရဘူး။ အဲ့ဒါကြောင့်မလို့ အနီးနားက ကျေးရွာတွေက ပြည်သူတွေလဲ ထွက်ပြေးနေရတယ်” ဟု အောင်မြင်ရွာ ဒေသခံရွာသွားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေခြင်းကြောင့် အောင်မြင်ကျေးရွာအပြင်၊ ပန်ထိပ်၊ ရွာသာ၊ ခေါက်ခူနှင့် ဝက်ချီပါရွာရှိ ဒေသခံ ၂၀၀၀ ခန့်သည် ဘေးလွတ်ရာ ကျေးရွာများ၊ တောတိုက်များ၌ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ ကျွန်မတို့ကတော့ တောထဲမှာပြေးနေရတာ ဆိုတော့၊ စားစရာနဲ့ အမိုးအကာတွေတော့ အကူအညီလိုအပ်တယ်။ လက်ရှိမှာကတော့ ရွာကနေယူခဲ့တဲ့ စားစရာလေးနဲ့ စားနေရတယ်။ မိုးရာသီဆိုတော့ မိုးရွာမှာကို တော်တော်လေးစိုးရိမ် နေရတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို နယ်မြေခံ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကူညီမှုများပေးနေ ကြောင်းလည်း ဂန့်ဂေါမြို့၊ ပအဖ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ လက်ရှိမှာ လုပ်ပေးနိုင်တာကတော့၊ ပြည်သူတွေ ရှောင်တဲ့အချိန်မှာ တစ်နေရာတစ်နေရာကို ကားတွေ ဆိုင်ကယ်တွေနဲ့ ပို့ပေးတယ်ဗျ။ပြီးရင် ပြည်သူတွေကိုလည်း သတင်းအချက်အလက်တွေကို၊ အချိန်နဲ့ တစ်ပြေးညီပြော ပေးတယ်ဗျ။ စစ်ရှောင်တဲ့သူတွေစားဖို့အတွက်လည်း ကျေးရွာတွေမှာ အကူအညီတောင်းပေးတာတွေ လုပ်ပေးတယ် ဗျ” ဟု ပအဖ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်သို့ စစ်ကောင်စီမှ မကြာခဏ စစ်ကြောင်းထိုးမှုများပြုလုပ်ခြင်းကြောင့်၊ ဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းနှင့် စီပွားရေးလုပ်ငန်းများကို ကောင်းမွန်စွာ မလုပ်ကိုင်ရသည့်အတွက် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။