ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယခုနှစ်ပိုင်းအတွင်း ကလေးများသာမက လူကြီးများတွင်ပါ အရေပြားရောဂါ ဖြစ်ပွားမှုနှုန်းများနေသည်ဟု ဒေသတွင်းကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် တာဝန်ရှိသူများထံမှ သိရသည်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနနှင့် မြေပြင်ကျန်းမာရေးဝန်ထမ်းများ၏ လွန်ခဲ့သည့် ၅ လအတွင်း ကွင်းဆင်းဆောင်ရွက်မှုအချက်အလက်များအရ သိရှိရခြင်းဖြစ်သည်။
“တစ်လတစ်လတော့ ကျတော်တို့ဆီမှာ လူနာ လေးရာ၊ ငါးရာ။ တစ်ခါတလေ ခြောက်ရာခုနစ်ရာပေါ့နော်။ ပျမ်းမျှတော့ ငါးရာဝန်းကျင်ရှိတယ်ဗျ။ အဲ့ဒီငါးရာမှာ အရေပြားနဲ့ ပတ်သက်တာ ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်”ဟု မင်းတပ်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့် Save Team မှ ဆရာ NSA က MPA သို့ ပြောသည်။
ယခင်နှစ်များက Save Team အနေဖြင့် နယ်လှည့်ကျန်းမာရေးဟောပြောခြင်း၊ အသိပညာပေးခြင်း၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ယင်လုံအိမ်သာများအား စစ်ဆေးခြင်းများကို အစဥ်တစိုက်ပြုလုပ်ခဲ့သည့်အတွက် အရေပြားရောဂါဖြစ်ပွားမှုနှုန်း လျော့ကျခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည်မြင့်တက်လာသည်ဟု ဆိုသည်။
“တောင်ယာလုပ်တာနဲ့ ဘာနဲ့ဆိုတော့ ယင်လုံအိမ်သာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကအစ သိပ်ဂရုမစိုက်နိုင်ကြဘူး။ ပြီးတော့ ကျောင်းတက်တဲ့ ရာသီဆိုရင် အိမ်မှာကလေးတွေပဲ ကျန်ခဲ့တာ မိဘတွေက တောင်ယာမှာပဲဆိုတော့ အဲ့ဒီလိုတွေကြောင့် ပိုအဖြစ်များတာ”ဟု ဆရာ NSA က ဆက်ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်ထက်တစ်နှစ် ကုန်စျေးနှုန်း ကြီးမြင့်လာသည့်နည်းတူ မင်းတပ်မြို့နယ်တွင်လည်း စစ်ကောင်စီက ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေး ဖြတ်တောက်ထားမှုကြောင့် ကုန်စည်နှင့် ဆေးဝါးရှားပါးမှုများ ကြုံတွေ့လာရသည်ဟု သိရသည်။
“ဒါကတော့ တစ်ကိုယ်ရေကျန်းမာရေး ဗဟုသုတ နည်းပါးတာ။ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေ ဝယ်ယူသုံးစွဲနိုင်ခြင်းမရှိတာ။ လူနေထိုင်မှု စနစ်ပုံစံတွေကြောင့် ဖြစ်မယ် ထင်ပါတယ်”ဟု မင်းတပ်မြို့နယ်အတွင်း အရေပြားရောဂါ ဖြစ်ပွားနေမှုအခြေအနေများနှင့် ပတ်သက်၍ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမာန်က MPA သို့ ပြောသည်။
မင်းတပ်မြို့ပေါ်တွင်လည်း ယခုတစ်ပတ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်းနှင့် ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု စုံစမ်းသိရှိရသည်။






