စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ရေဦးမြို့ပေါ်၌ မိုးကြိုးစစ်ဆင်ရေးအဖြစ် တစ်ပတ်တာ စစ်ဆင်ရေးပြုလုပ်ခဲ့ရာ စစ်သားနှင့် ပျုစောထီး ၈ ဦးသေဆုံးခဲ့ပြီး၊ ပျုစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည် ။
ရေဦးမြို့အတွင်းရှိ စစ်ကောင်စီတပ်များ တပ်စွဲရာ နေရာများနှင့် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များအား အောက်တိုဘာ ၇ရက်မှ အောက်တိုဘာ ၁၄ရက်ထိ၊ ၇ရက်အတွင်း Wings Drones ဖြင့် ဗုံးသီး ၂၈ လုံးချ၍ မိုးကြိုးစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြောင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၁၄ / YEU PDF ကဆိုသည်။
” တစ်ပတ်အတွင်း စုစုပေါင်း နေရာ ၅ နေရာကို ၈ ကြိမ်တိုက်ခိုက်ခဲ့တယ်။ ရေဦးအနောက်ခြမ်းကိုဝင်တဲ့ စစ်ကြောင်း နားနေတဲ့အချိန်မှာ ဗုံးသီး ၄လုံးချပြီး တိုက်ခိုက်တယ်။ နောက်ပြီးတော့ ရေဦးမြို့ မြောက်ဖက် မြို့အဝင် စစ်ဆေးရေး ဂိတ်၊ အနောက်မြောက်ဖက် မြို့အဝင် စစ်ဆေးရေးဂိတ် ( ရွှေကျီးမင်းဂိတ် )၊ ရေဦး – ဒီပဲယင်းလမ်းအထွက် မြို့အဝင် စစ်ဆေးရေးဂိတ် ( ဂါဝီဂိတ် ) ၊ စစ်သားတွေအထိုင်ချထားတဲ့ ရေဦးမြို့တောင်ဖက်အစွန်မှာရှိတဲ့ တိုင်းရင်းဆေးရုံတို့ကို ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ပါတယ် “ ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၄ / YEU PDF မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြော သည် ။
ရေဦးမြို့တွင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် ၄ခု ရှိသည်ဟု သိရပြီး၊ ဤစစ်ဆင်ရေးတွင် စစ်ဆေးရေးဂိတ် ၃ ခုကို တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ယင်းစစ်ဆေးရေးဂိတ်များထဲမှ ဂါဝီဂိတ်အား တိုက်ခိုက်ချိန်တွင် ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ Drone တစ်စင်း ဆုံးရှုံးခဲ့ရသည်ဟု ၎င်းကပြောသည် ။
” အောက်တိုဘာ ၁၃ရက်နေ့ ညနေ ၄နာရီခွဲလောက်မှာ ရေဦး – ဒီပဲယင်းလမ်းအထွက် မြို့အဝင် စစ်ဆေးရေးဂိတ် ( ဂါဝီဂိတ် ) ကို ဗုံးသီး ၄ လုံးချပြီး တိုက်ခိုက်တော့ ကျတော်တို့ဘက်က ဒရုန်းတစ်စီး စစ်ကောင်စီလက်ထဲပါသွားတယ် ။ ကိုယ်တွေဘက်ကလည်း Error နည်းနည်းရှိသွားတယ် ။ သူတို့ဘက်ကလည်း Shooter နဲ့ပစ်ချတယ်လေ “ ဟု တာဝန်ရှိသူတစ်ဦး က ပြောသည် ။
ထိုကဲ့သို့ ရေဦးမြို့ပေါ်ရှိ စစ်ဆေးရေးဂိတ်များနှင့် စစ်ကောင်စီ အထိုင်စခန်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ပြည်သူများကို စစ်ဆေးမှုများ ပိုမိုတင်းကျပ်ခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းသွားလာခဲ့သည့် ပြည်သူတစ်ဦးက ရှင်းပြသည်။
” စစ်ဆေးရေးဂိတ်က ဒီရက်ထဲ နှစ်ဂိတ်က တော်တော်ဆိုးတယ်ဗျ ။ မြို့ထဲတင် ပုံမှန်စစ်နေကြမဟုတ်တဲ့ သုံးနေရာ လေးနေရာလောက်အထိ စစ်တယ် ။ သူတို့စိတ်ထဲ မယုံသင်္ကာဖြစ်တဲ့သူမျိုးဆို ပိုစစ်တယ်။ ပြီးတော့ PDF တွေနဲ့ မပက်သက်ဖို့ဘာညာပေါ့ ပြောနေတာမျိုးရှိတယ်။ ဒီတစ်ပတ်ထဲမှာတောင် သူတို့စစ်တာကို ဆိုင်ကယ်ကြီးထားခဲ့ပြီး ထွက်ပြေးတဲ့လူကို လိုက်ပစ်ကြသေးတယ်။ ပြေးတဲ့လူက ဖမ်းမိမသွားဘူးလို့လဲကြားတယ်။ ဒါပေမဲ့ တိုက်ဆိုင်တာ လားတော့ မသိပါဘူး ။ အဲဒီနေ့ကပဲ စစ်သားတွေက Dead Body တစ်ခုကို ရင်ခွဲရုံကို သယ်သွားတာလဲ ကြားမိတယ် ။ ထွက်ပြေးတဲ့လူလား တခြားလူပဲလားဆိုတာတော့ သေချာမသိဘူး ” ဟု ၎င်းက ပြောသည်။
ရေဦးမြို့သည် စစ်ကောင်စီမှ ညမထွက်ရအမိန့် ( ညနေ ၅ နာရီမှ မနက် ၆ နာရီထိ ) ထုတ်ပြန်ထားသော မြို့တစ်မြို့ဖြစ်သည့်အပြင် စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားသောကြောင့်၊ ဒေသခံပြည်သူများ ကြောက်ရွံ့စွာ နေထိုင်နေရကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။



