စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးစိုက်ဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ၁၂ရက်နေ့မှစတင်ကာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စည်တုံးလုံး (စည်ပတုံး) ချောင်း ရေလျှံကာ တန့်ဆည်မြို့နယ်မြောက်ဘက်ခြမ်းရှိ လယ်များတင်မက ယာခင်းများလည်း ပျက်စီး ကြောင်း တန့်ဆည်တောင်သူအချို့ထံက သိရသည်။
” မိုးစရွာတာ ၁၂ ရက်နေ့ မနက် ၄ နာရီကစရွာတာပဲ။ မိုးအခုလောက်သည်းမယ်လို့လည်း ထင်မထားမိဘူး။မိုးကြောင့်ပဲ စပါး ဧက ၃၀၀ ကျော်ပျက်စီးမယ်ဗျ။ ရိတ်သိမ်းချိန် ၁လကျော်ကျော် အလိုလောက်မှာ ရိတ်သိမ်းလို့ရမှာ။ ရှိတဲ့ရိက္ခာ ချွေတာ စားသာက်ရတာ ပေါ့” ဟု စပါးစိုက်တောင်သူ ကိုဖိုးသားက MPA သို့ပြောသည်။
တန့်ဆည်မြို့နယ်အတွင်း ဧရာမင်း၊ရွှေဝါထွန်း၊ကောက်ညှင်း၊ဘေးကြားနှင့် ပေါ်ဆန်းမွှေးစပါးတို့ကို အများဆုံးစိုက်ပျိုးကြပြီး ယာခင်းများ၌ မြေပဲ၊မတ်ပဲ၊ပဲဖြူနဲ့ ပဲနီ စသည့် သီးနှံတို့ စိုက်ပျိုးကြသည်။
” လူနေအိမ်ကတော့ ရေနစ်မြုပ်သွားတာမရှိပေမယ့် ရေတိုက်စားမှုအန္တရာယ်ကြောင့် မပျက်ခင် ပြောင်းရွှေ့မှုတော့ လုပ်ရတယ်ဗျ။ကျွဲ ၊နွား တိရိစ္ဆာန် တွေကတော့ ရေလွတ်ရာ မြေအမောက် လေး တွေပေါ်မှာပဲ မိုးကာ တဲထိုးပြီး လက်ရှိထားနေရတယ်” ဟု ၎င်းက ဆိုသည်။
စပါးတစ်ဧကကို ကျပ်၁၀သိန်းနှုန်းဖြင့် တွက်ပါက ဧက၃၀၀ ၏တန်ဖိုး ကျပ်သိန်း၃၀၀၀ ကျော် ဆုံး ရှုံး ကြောင်း သိရသည်။
” နောက်နှစ် စပါးစိုက်ဖို့ဆိုရင် တော်တော်လေးကိုစဉ်းစားရဦးမှာပါ။ ဘာ့ ကြောင့်လဲဆို တော့ တချို့လယ် တွေက စပါးပဲ ရေနစ်မြုပ်ဆုံးရှုံးတာရှိသလို တချို့လယ် တွေကတော့ ရေကြီးပြီး သဲဖုံးသွားတဲ့လယ်တွေ များတယ်။ သဲဖုံးတဲ့လယ်တွေက တော့ နောက် ၅ နှစ်ကျော်လောက်မှ စပါးပြန်လုပ်စားလို့ရ တော့မှာ။ အခြေအနေ အကြောင်းကြောင်းကြောင့် ဘယ်သူမှ စပါးမထားရဲကြ တော့ ရိတ်သိမ်းပြီးတာနဲ့ ရောင်းကြရတယ်။ အဲ့တော့ ဆန်ဝယ်စားမယ်ဆိုရင် ပိုက်ဆံရှိရင် တောင် လွယ်လွယ် ဝယ်စားလို့မရဘူးဖြစ် နေတယ်” တန့်ဆည်တောင်သူတစ်ဦးကပြောသည်။
စည်တုံးလုံး (စည်ပတုံး) ချောင်းရေကြီးမှုကြောင့် ဆိုင်ကယ်နှစ်စီးနှင့် လှည်းတစ်စီးလည်း သဲဖုံးလွှမ်းခြင်း ခံရပြီး မြွေကိုက်ခံရ၍ နွားတစ်ကောင်သေဆုံးသွားကြောင်းလည်း စုံစမ်းသိရသည်။



