ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသဖြင့် ရေကြီးမှုဖြစ်ခဲ့သည့် ပဲခူးမြို့၊ ကျောက်ကြီးသုခကျေးရွာ၌ လူသေဆုံးမှုများ ရှိခဲ့ပြီး၊ ကျေးရွာ ရေတွင်းများလည်း ရေဝင်ရောက် ပျက်စီးခဲ့သောကြောင့်၊ သောက်သုံးရေ အခက် အခဲဖြစ်နေကြောင်း MPA က စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၆ ရက်မှစ၍ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပဲခူးမြို့နှင့် အနီးတစ်ဝိုက် ကျေးရွာများ၌ ဆိုးရွားစွာ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ အောက်တိုဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် ပဲခူးမြို့ အနီးရှိ ကျောက်ကြီးသုခ ကျေးရွာ၌ အလုံးအရင်းဖြင့် စီးဆင်းလာသည့် ရေစီးကြောင်းများကြောင့်၊ အိမ်တိုင်များ ကျွတ်၍ အိမ်လုံးကျွတ် ရေထဲမျောပါသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့သည်။
” အိမ်တိုင်က ကျွတ်ပြီး ရေထဲမျောကုန်တာ။ အဲ့ဒီမှာ တစ်အိမ်ဆို အိမ်သားတွေက အိမ်ထဲမှာ မတိမ်းရှောင်နိုင်ဘူး။ အဲ့ဒါ မိသားစုဝင် ငါးယောက်ရှိတာ၊ သုံးယောက်က သေသွားတယ်။ နှစ်ယောက်ပဲ ကျန်တယ်” ဟု အဆိုပါကျေးရွာသို့ ကယ်ဆယ်ရေးများ သွားရောက်ပြုလုပ်ခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေကြီးရေလျှံမှုကြောင့် ကျောက်ကြီးသုခ ကျေးရွာသည် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့ရသည့်အပြင်၊ ရွာအတွင်းရှိ ရေတွင်းအားလုံး ပျက်စီးခဲ့သောကြောင့် ပြည်သူများ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
” ရေက ရေတွင်းတွေထဲ ဝင်တော့ သောက်ရေတွင်းတွေ အကုန်သွားတာပဲ။ တစ်တွင်းမှကို မကျန်တော့တာ။ အကုန်ပျက်စီကုန်တယ်” ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါကျေးရွာ၌ ရေပြန်ကျနေပြီ ဖြစ်သော်လည်း၊ ရေဝင်ရောက်မှုများ ရှိနေဆဲ ဖြစ်ပြီး၊ သောက်သုံး ရေနှင့် အစားအစာများအတွက် ပရဟိတကယ်ဆယ်ရေး အဖွဲ့များက ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။
ပဲခူးမြို့၌ ရေကြီးရေလျှံမှုသည် သမိုင်းတစ်လျှောက်၊ အဆိုးရွားဆုံး ရေကြီးမှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ၊ နေရာ အတော်များများ၌ ရေပြန်ကျသွားပြီ ဖြစ်သော်လည်းဈ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင်မူ လူတစ်ရပ်စာ နီးနီး ရေကြီးမှုများ ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် အဆိုပါရပ်ကွက်များနှင့် ကျေးရွာများသည် အစားအစာနှင့် သောက်သုံးရေအတွက် ပြင်ပအကူအညီ အထောက်အပံ့များကို မှီခိုနေရဆဲ ဖြစ်ပြီး၊ အကူအညီအများအပြားလည်း လိုအပ်လျှက်ရှိကြောင်း သိရသည်။


