ကချင်ပြည်နယ်၊ KIO ဌာနချုပ်တည်ရှိရာ၊ လိုင်ဇာမြို့အနီး၊ မုန်လိုက်ခက်ရွာသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး များဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်)၊ ည ၈ နာရီခန့်တွင်၊ မုန်လိုင်ခက်စစ်ရှောင်စခန်းအနီးသို့၊ လက်နက်ကြီးများဖြင့်၊ ထပ်မံပစ်ခတ်ရာ၊ ပေါက်ကွဲသံ လေးချက်ထက်မနည်းကြားခဲ့ရကြောင်း၊ သိရသည်။
“ လက်နက်ကြီးကျတယ်။ ည ၈ နာရီလောက်ကတည်းက ကြားနေရတာ။ မုန်လိုင်ခက်စစ်ရှောင်စခန်းနားကို ကျတယ်။ ကျနော်တို့လည်း ပြေးလွှားနေရတော့ ဘယ်နားကျမှန်း အတိအကျမသိဘူး” ဟု မုန်လိုင်ခက်စစ်ရှောင်စခန်းအနီးတွင် နေထိုင်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခက်တိုက်ခိုက်မှု့ကြောင့် ဒေသခံစစ်ရှောင်များ၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
အလားတူ အောက်တိုဘာ ၁၃ ရက်၊ ညနေပိုင်း၌လည်း၊ မိုးမောက်မြို့နယ်၊ ဗန်းမော် – မြစ်ကြီးနားလမ်းပိုင်းရှိ၊ လိုင်လွမ့် အောင်ဂျာကျေးရွာ အနီးတဝိုက်အား၊ စစ်ကောင်စီက တိုက်လေယာဥ်နှစ်စီးဖြင့်၊ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ တံတားဦးကနေ တက်လာတဲ့ လေယာဥ်တွေ။ ဗုံးကြဲပြီးတာနဲ့ ပြန်သွားကြတယ်။ ခယာဘွမ်တောင်ကနေ လိုင်ဇာဘက် ကို လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ယနေ့ (အောက်တိုဘာ ၁၄ ရက်)၊ မနက် ၇ ခွဲခန့်တွင်လည်း စစ်ကောင်စီတပ်မှ၊ မုန်လိုင်ခက်ကျေးရွာအနီးသို့၊ လက်နက်ကြီးများဖြင့် ပစ်ခက်လျက်ရှိကြောင်း သိရသည်။
“ မနက် ၈ နာရီလောက်က ကျတဲ့လက်နက်ကြီးက အရမ်းနီးတယ်။ သုံးလုံးလောက်ရှိတယ်။ တစ်ချို့ညတွေဆို မြို့ပေါ်ကနေ လေယာဥ်ဖြတ်ပျံတာတွေရှိတယ် ” ဟု လိုင်ဇာမြို့တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်ခံရသော၊ မုန်လိုင်ခက်စစ်ရှောင်စခန်းမှ၊ ပြည်သူများကို၊ KIA/KIO မှ ဆေးဝါးကုသမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ လုပ်ဆောင်ပေးလျက်ရှိသည်။
ပြီးခဲ့သည့် (အောက်တိုဘာ ၉ ရက်)၊ ည ၁၁ နာရီခွဲအချိန်ခန့်တွင်၊ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်၊ လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် မုန်လိုင်ခက်စစ်ရှောင်စခန်း၌၊ ကလေးငယ်များ အပါအဝင် ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး၊ ၅၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။