ပဲခူးမြို့ရေဘေးအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းဆောင်ရွက်နေသော ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်းတို့အပါအဝင် စေတနာ့ဝန်ထမ်းလူငယ်အချို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး မိသားစုနှင့် တွေ့ဆုံခွင့်မပေးကြောင်း စုံစမ်းသိရှိရသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် ပဲခူးမြို့ရေးဘေးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်နေစဥ် ရန်ကုန်မြို့တွင်း တစ်နေရာတွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ကိုနိုင်နဲ့ ဇင်ကိုက လူမှုရေးလုပ်ငန်းတွေမှာရော ငြိမ််းချမ်းရေးလုပ်ငန်းတွေမှာပါ အာဏာမသိမ်းခင်ကတည်းက ကိုယ်ကျိုးစွန့် လုပ်လာခဲ့ကြတဲ့ သူတွေပဲ။ အခု ပဲခူးရေကြီးတော့လည်း စကစ အန္တရာယ်ရှိပါတယ် ဆိုတာကို တားမရဘဲ ဝင်ကူမယ်ဆိုပြီး ရန်ကုန်မှာ လူငယ်ဗော်လန်တီယာတွေကို လိုက်စုနေတာ သတင်းကြားပြီး အဆက်အသွယ်မရတော့လို့ လိုက်စုံစမ်းတော့ အဖမ်းခံလိုက်ရတယ်လို့ သတင်းကြားတာပဲ”ဟု ၄င်းတို့၏ မိတ်ဆွေတစ်ဦးက MPA သို့ ပြောပြသည်။
ဦးစောနိုင်ဦးသည် ငြိမ်းချမ်းရေးနှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ယုံကြည်စွာ လုပ်ကိုင်လျှက်ရှိသည့် လူသိများသည့် ငြိမ်းချမ်းရေးသမားတစ်ဦးဖြစ်ပြီး ပြင်းထန်သည့် ဆီးချိုရောဂါကြောင့် မကြာခဏ ဆေးရုံတက်၊ ဆေးကုသနေရသည့်သူ တစ်ဦးလည်းဖြစ်ကာ ကိုဇင်ကို၀င်းသည်လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဦးဆောင် ပါ၀င်ခဲ့သည့် တက်ကြွသည့် မျိုးဆက်သစ်လူငယ်တစ်ဦးဖြစ်သည်။
၎င်းတို့ ဖမ်းဆီးခံရခြင်းအတွက် နိုင်ငံတကာသံရုံးများနှင့် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများကိုလည်း အကြောင်းကြားထားပြီးဖြစ်ပြီး မတရားဖမ်းခံရသည့် ကိုစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်းတို့၏ ကျန်းမာရေးနှင့်လုံခြုံရေးတို့ကို စစ်ကောင်စီမှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း လူ့အခွင့်ရေးနှင့် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
“လူသားချင်းစာနာထောက်ထားမှု အကူညီပေးဖို့အတွက်ကို ကိုစောနိုင်ဦးတို့ ကိုဇင်ကိုဝင်းတို့အပါ စေတနာ့ဝန်ထမ်းလူငယ်တွေက တက်တက်ကြွကြွ ကူညီဖို့ပြင်ဆင်နေတာကို အကြမ်းဖက်စစ်အုပ်စုက ၂၀၀၈ နာဂစ်တုန်းကလည်း ဒီအတိုင်းပဲ လူသားချင်း စာနာမှုကူညီသူတွေကို ဖမ်းဆီးထောင်ချတာတွေက ရှေ့မှာလုပ်ခဲ့ပြီးပြီ။ အခုလည်း သူက ပြည်သူကို ရန်သူလို့ သတ်မှတ်ထားတဲ့ ပြည်သူလူထုအပေါ်မှာ လူသားချင်းစာနာမှု အကူညီပဲဖြစ်ဖြစ် လူသားအကျိုးပြုလုပ်ငန်းပဲဖြစ်ဖြစ် လုပ်တဲ့ မည်သူ့ကိုမဆို ရန်သူအဖြစ်သတ်မှတ်ပြီးတော့ သူက လိုက်ပြီး ဖမ်းတာတွေ ဆီးတာတွေ ချေမှုန်းတာတွေ ဝင်စီးတာတွေလုပ်နေတာ။ အဲ့ဒီလုပ်ရပ်က တကယ်လည်း လူသားမဆန်ဘူး။ သူကိုယ်တိုင်က ပြည်သူက မထောက်ခံတဲ့အတွက် သူ့ကိုဆန့်ကျင်တယ်လို့ သူကမြင်တဲ့အပေါ်မှာ အာဏာလုတဲ့ အချိန်ကစပြီး ပြည်သူကို ရန်သူလို့ပဲမြင်နေတာ။ အဲ့ဒီလုပ်ရပ်အပေါ်မှာ အကြမ်းဖက်စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချတယ်”ဟု နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် သေကြေပျက်စီးခဲ့သည့် ပြည်သူများကို ကူညီမှုပေးသူများကို နအဖ (နိုင်ငံတော်အေးခြမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) မှ ဖမ်းဆီးထောင်ချခဲ့သေးသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့်လည်း မတရားဖမ်းဆီးခံရသည့် ကိုစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်း အပါအဝင် နိုင်ငံရေးအကျဥ်းသားများကို အမြန်ဆုံးလွတ်မြောက်စေရေးအတွက် စစ်ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးအရေးယူရန် လူ့အခွင့်ရေးနှင့်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။
ပဲခူးရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးများလုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းများကို သက်ဆိုင်ရာမြို့နယ်များ၌ ခွင့်ပြုမိန့်ယူရမည်ဟု စစ်ကောင်စီက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ယနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ထိ စစ်ကောင်စီမှ မတရားဖမ်းဆီးထားသူ ၂၅၃၀၀ ဦးရှိပြီး ၁၉၇၆၁ ဦးမှာ ထိမ်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။