စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် တံတားတစ်စင်း ကျိုးသွားခဲ့ရာ ရွာအချို့ ကုန်စည်စီးဆင်းမှု ရပ်သွားကြောင်း သိရသည်။
ကျွန်းလှ – တန့်ဆည် ဆက်သွယ်ထားသည့် ပေါင်ဂဒေါင်တံတားသည် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ကာ အောက်တိုဘာလ ၁၂ ရက်နေ့က ပျက်စီးသွားခြင်းဖြစ်ပြီး တန့်ဆည်မြောက်ပိုင်းရှိ ကျေးရွာများမှာ ကုန်စည်စီးဆင်းမှုပင် ရပ်တန့်သွားကြောင်း တန့်ဆည်ဒေသခံအချို့ထံက သိရသည်။
” မိုးကတော့ ကောင်းတယ်။ဆက်တိုက်ကိုရွာနေတာ မရပ်မနားရွာနေတာပဲ။ တံတားရဲ့အောက်ခြေတိုင်တွေကပါ မျောပါသွားတာ ။ချောင်းကလည်း ရေစီးသန်တော့ တံတားရဲ့ တောင်ဘက်ထိပ်၊ မြောက်ဘက်ထိပ်ကိုပဲ ရေတိုးပြီး ကမ်းပါးကိုပါ ရေတွေတိုက်စားတာမို့ တိုင်တွဲ ၃ တွဲလုံး မျောပါသွားတာ။ အခုတော့ ဟိုဘက် ဒီဘက် တံတားကနေ ကူးသွားလို့မရတော့ဘူး ” ဟု တန့်ဆည်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါတံတားကို စည်တုံးလုံး (စည်ပတုံး) ချောင်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး တန့်ဆည်မြောက်ပိုင်းဒေသရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံများ ကူးသန်းသွားလာနေကြသည့် တံတားတစ်စင်း ဖြစ်သည်။
“ အခုကတော့ ပြင်လို့မရသေးဘူး။ ရေကျမှပဲ ပြင်ရမယ်။ ချောင်းက နာမည်ကြီးတယ်လေ။ ရေတက်တာ မြန်တယ်။ ရေစီးကြမ်းတယ်။ ရေကျလည်းမြန်တယ်။ တံတားကိုတော့ ပြင်ဖို့အလှူငွေအင်အား အရေးပေါ်လိုအပ်တာပေါ့။ အလှူငွေမြန်မြန်ရရင်တော့ တံတားကို သွားလာဖြတ်သန်းနိုင်ဖို့ ပြင်ရမှာပေါ့” ဟု တံတားပြန်လည်တည်ဆောက်ရေးကော်မတီ၏ အဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါတံတားသည် ရေကြီးမှုကြောင့် မကြာခဏ ပျက်စီးခဲ့ဖူးသော်လည်း ယခုပျက်စီးမှုသည် ယခင်ပျက်စီးမှုများထက် ပိုမို ကြီးမားသဖြင့် ပြန်လည်ပြုပြင်ရန် အချိန် အနည်းငယ်ယူရမည်ဟု သိရသည်။
ကျွန်းလှ – တန့်ဆည်သွား ကုန်ကားသမားတစ်ဦးက ” ကျွန်တော်တို့ကတော့ တံတားပြန်ကောင်းမှ ကုန်ပို့ရမှာပဲ။အခုကတော့ နားထားတယ်။ ဘယ်နေ့ပြန် ကူးသန်းသွားလာရမလဲ မသိသေးဘူး။ တံတား သွားလို့ရရင်တောင် တံတားဝန်က ခံနိုင်ပါ့မလား မသိဘူး။ အလယ်က တိုင်တွေလည်း တချို့မျောပါသွားတာတွေ တွေ့ရတယ်” ဟု ဆိုသည်။
ယင်းတံတား ပျက်စီးမှု ကြောင့် ချောင်း၏မြောက်ဘက်ခြမ်းရှိ အောင်စွာ၊ ပေချောင်၊ အောင်သာယာ၊ ထန်းကုန်းကြီး၊ ပုတီး၊ ဆည်းသာ၊ နနွင်းတော၊ ကမ်းဖြူ၊ သာဂေါင်ကြီးနှင့် ဝက်တိုး ကျေးရွာများရှိ ပြည်သူများ သွားလာရေး ခက်ခဲလျက်ရှိသည်။






