ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နှင့် နမ္မတူမြို့တို့တွင် ရေကြီးရေလျှံမှုဖြစ်ကြောင့် နေအိမ် ၇၀ ခန့်ရေနစ်မြှုပ်ကာ၊ မြေပြိုမှုကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(အောက်တိုဘာ ၁၃ရက်)၊ မနက် ၁၀နာရီခန့်တွင်၊ သီပေါမြို့အနီးရှိ ဒုဠ၀တီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီးရှိ နေအိမ် ၅၀ခန့်ရေနစ်မြှုပ်ခဲ့ပြီး၊ နေအိမ် ၁၀လုံးပျက်စီးခဲ့သဖြင့်၊ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပို့ဆောင်ထားကြောင့် သီပေါ့မြို့ ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့ညက မိုးအရမ်းကြီးနေတော့ မြစ်ရေတက်လာတယ်။ မြစ်ကမ်း နံဘေးမှာနေတဲ့ အိမ်တစ်ချို့က ရေထဲမြှုပ်သွား တယ်။ တစ်ချို့အိမ်လည်း ပျက်စီးသွားတယ်” ဟု ရေဘေးသင့် ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်နှင့် စျေးရပ်ကွက်များတွင်လည်း ရေတက်လာမှုကြောင့် မီးသတ်တပ်ဖွဲ့ နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ မြစ်ကမ်းတစ်လျှောက် သဲအိတ်များဖြင့် အရံအတားပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“အရင်တုန်းက ရေတက်ဖူးပါတယ်။ ဒီလောက်မဆိုးဘူး။ ရပ်ကွက်ထိမတက်ဘူး။ မိုးကဆက်တိုက်ရွာချတော့ တောင် ကျရေတွေလည်း များလာတယ်။ အခုလောလောဆယ် အခြေအနေတော့မပြောနိုင်ဘူး။ မိုးကရွာလိုက် တိတ်လိုက်နဲ့ ညမိုးထက်ရွာရင်တော့ ရေထက်တက်ဖို့ပဲရှိတယ်။ အခုတော့ သဲအိတ်တွေနဲ့ ကာထားတယ်”ဟု ရေဘေး ကူညီကယ် ဆယ်ရေး၊ ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ယင်းအပြင် အောက်တိုဘာ ၁၂ရက်တွင်လည်း နမ္မတူမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ နေအိမ် ၂၀ခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
“ မနေ့က နမ္မတူမှာ မိုးများပြီးတော့ အနိမ့်ပိုင်းက အိမ့်အချို့ရေမြှုပ်သွားတယ်။ ပြီးတော့ နားကျိုင်းကျေးရွာနားမှာ မြေပြိုမှုဖြစ်လို့ အမျိုးသားသုံးဦး ကျောက်တုံးပိသွားတယ်။ တစ်ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရသွားတယ်လို့ ကြားတယ် “ ဟု နမ္မတူ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် နမ္မတူမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် မန်ဆာအုပ်စု၊ ဟော်နားရွာရှိ လယ်ဧက ၅၀၀ နီးပါးရေနစ်မြှုပ်ပြီး၊ ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း နမ့်ခမ်းမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းကာ၊ မြေပြိုမှုကြောင့် ကလေးငယ် နှစ်ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြား၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူး၊ ရန်ကုန်၊ ကယား(ကရင်နီ)၊ ရှမ်း နှင့် မန္တလေး ရှိ မြို့အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ၊ ပြည်သူများ ရေဘေးသင့်နေရကြောင်းလည်း သိရသည်။












