မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ရေလယ်ကျွန်းဒေသကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဝင်ရောက်လာ ခြင်း ကြောင့် ဒေသခံ ၅၀၀၀ ကျော် အရေးပေါ် စစ်ကြောင်းရှောင် ပြေးနေရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ၁၂ရက်၊နံနက်၃နာရီက ရေလယ်ကျွန်းဒေသသို့ စတင် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ (အောက်တိုဘာ၁၃ရက်)မွန်းလွဲ ၁နာရီခန့်၌ ကျွန်းညိုရွာကို မီးရှို့ခဲ့ကြောင်း ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံက သိရသည်။
“ ကျွန်းညိုရွာဒီနေ့အရှို့ခံရတယ်။မနေ့ကတော့ ကျောက်ဖူးရိပ်သာကျောင်းကိုမီးရှို့တယ်။ မြေပြင်မှာ သူတို့ရှိနေတုန်း ဆိုတော့ ကျနော်တို့ ဘာမှအတိအကျမသိရသေးဘူး” ဟုရေလယ်ကျွန်းဒေသခံ တစ်ဦးကပြောသည်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် က တောင်ဘက်မှစစ်ကြောင်းတစ်ကြောင်းနှင့် မြောက်ဘက်မှ စစ်ကြောင်းတစ်ကြောင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး စစ်သားစုစုပေါင်း အင်အား ၁၀၀ ကျော်ရှိကြောင်း သိရသည်။
“ အင်အား ၁၀၀ ကျော်မယ်။ ခုရွာတွေမှာတပ်ဖြန့်ထားတယ်။ အရင်က တစ်ခါမှ ခုလို တပ်မဖြန့်ဖူးဘူး။အခုက ပထမဆုံးပဲ။ ဘာလို့ တပ်ဖြန့်သလဲဆိုတာတော့ မသိရသေးဘူး” ဟု ရေစကြိုမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကပြောသည်။
ရွာ ၁၅ရွာ ခန့်က စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်အတွက် နေထိုင်ရေး အဆင်ပြေသော်လည်း စားနပ်ရိက္ခာလိုအပ် ချက်ရှိကြောင်းသိရသည်။
“သူတို့ခိုလှုံရာရွာတွေက အဆင်ပြေအောင် ချက်ပြုတ်ကျွေးမွေးနေရတယ်ဗျ။ တချို့ရွာတွေမှာ ၇၀၀ ဝန်းကျင် ၁၀၀၀ ဝန်းကျင်တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကို အကူအညီ လာရောက်တောင်းခံထားတာမျိုးတွေရှိပါတယ်ဗျ။ကျနော်တို့လည်း လက်လှမ်းမီသလောက်တော့ ချိတ်ဆက်နေပါတယ်ဗျ” ဟု ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင် ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ညအထိ စစ်ရှောင်များအားလုံး ဇာတိရပ်ရွာသို့ မပြန်နိုင်သေးကြောင်း သိရသည်။