ကန့်ဘလူ ပျူစောထီးများကို အသေခံတပ်သားအဖြစ် စစ်ကောင်စီတပ်က အသုံးချနေကြောင်းသိရသည်။
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သည် ပျူစောထီးများကို တိုက်ပွဲ များ၏အရှေ့၌ ထားကာ အသေခံ ခိုင်းနေကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ်အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် သေဆုံးခဲ့ရာ ယင်းသေဆုံးသူများအထဲ၌ ပျူစောထီး အများဆုံး ဖြစ်ကြောင်း Infinity Group ကဆိုသည်။
“ဘယ်ရွာက ဘယ်သူတွေကျတယ်။ ဘယ်သူတွေကတော့ ထိခိုက်ဒဏ်ရာရတယ်ဆိုတဲ့ အချက်အလက်တချို့ရထားပေမယ့် လေ့လာကြည့်တဲ့အခါ ကျသွားတဲ့သူတွေက စိတ်မပါဘဲ အတင်းအကျပ်စေခိုင်းလို့ ပျူထဲဝင်ကြရတဲ့သူတွေက ခပ်များများဆိုတာ စိတ်မကောင်းဖွယ်ရာ ပြန်သိရတယ်” ဟု Infinity Group တာဝန်ရှိသူက ပြောသည်။
ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ထောက်ခံအားပေးကာ ကူညီပေးနေသော ပျူစောထီးများရှိသလို မိသားစု စားဝတ်နေရေးအခက်အခဲနှင့် ခြိမ်းခြောက်ခံရမှုကြောင့် စိတ်မပါဘဲ ပျူ စောထီး လုပ်နေရသူများလည်း ရှိကြောင်းသိရသည်။
စစ်တပ်နဲ့ ပျူစောထီး ခေါင်းဆောင်တို့က ကန့်ဘလူမြို့နယ်အတွင်းရှိ ရွာအချို့ကို ယခင်က ပျူစောထီးအဖွဲ့ဝင်ရန် တစ်ရွာလျှင် လူ၁၅ဦး ကျ တောင်းပြီး နောက်တစ်ကြိမ်းတွင်မူ ပျူစောထီးမလုပ်ချင်လျှင် ပိုက်ဆံပေးရကြောင်း ကန့်ဘလူ PDF ရဲဘော်တစ်ဦးကပြောသည်။
” ရာခိုင်နှုန်းအနေနဲ့တော့ စိတ်ပါလို့လုပ်ရတာနဲ့ စိတ်မပါဘဲ လုပ်ရတာတွေက ၅၀၊ ၅၀ လို့ ထင်တာပေါ့။ မလုပ်နိုင်ရင် PDF တွေဆီ ထွက်ပြေးပဲလေ။ ဖမ်းမိရင် သတ်တယ်” ဟု၎င်း က ပြောသည်။
လက်ရှိတွင် ကန့်ဘလူမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသောကြောင့် ရွာ၁၀ရွာကျော်မှ ဒေသခံ ၁သောင်း ကျော် အရေးပေါ်စစ်ရှောင်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ဇာတိရပ်ရွာသို့ မပြန်နိုင်သေးသည့် အမြဲတမ်းစစ်ရှောင် ၅၀၀၀ ကျော်ရှိ သည်။