တရုတ်အစိုးရမှ UWSA အရာရှိနှစ်ဦးကို ဆုကြေးငွေနှင့် ဖမ်းဝရမ်းထုတ်ထားမှု၊ အသေးစိတ်မသိရှိသေးကြောင်း၊ UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံက MPA သို့ ပြောသည်။
ယမန်နေ့ (အောက်တိုဘာ ၁၂ရက်)၌၊ “ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) မှ အရာရှိ နှစ်ဦးကို မြန်မာ နိုင်ငံမှ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သည်ဟု ဆိုကာ တရုတ်အစိုးရမှ ဆုကြေးငွေနှင့် ဖမ်းဝရမ်းထုတ် ခဲ့ခြင်းဖြစ်သည်။
ဖမ်းဝရမ်းထုတ်ခံရသူများမှာ Chen Yanban (Bao Yanban) နှင့် Xiao Yanquan (He Chuntian) တို့ ဖြစ်ပြီး၊ တရုတ် နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ယူနန်ပြည်နယ်၊ ကူမင်ပြည်သူ့လုံခြုံရေးဌာန မှ ထုတ်ပြန်ထားသည်။
အဆိုပါ UWSA အရာရှိနှစ်ဦး၊ ဖမ်းဝရမ်းထုတ်ခံရသည့် ကိစ္စနှင့် ပက်သက်၍ UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကို MPA မှ ဆက်သွယ်မေးမြန်းရာ” အသေးစိတ် မသိရသေးလို့ အထက်ကို မေးထားတုန်းပါနော်။” ဟု Viber မှ တစ်ဆင့် ဖြေကြားခဲ့သည်။
ဖမ်းဝရမ်းထုတ်ခံရသူနှစ်ဦး၏ တိကျခိုင်မာသည့်၊ သတင်းအချက်အလက်များနှင့် ဖမ်းဆီးရာ၌ ကူညီပေးမည်ဆိုပါက တရုတ်ယွမ်ငွေ တစ်သိန်း မှ ငါးသိန်းအထိ ဆုကြေးငွေပေးမည်ဖြစ်ပြီး၊ သတင်းပေးသူ၏ အချက်အလက် မပေါက် ကြားစေရန်၊ လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း ဖမ်းဝရမ်းတွင် ဖော်ပြထားသည်။
“ ဝ” ပြည်နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု့(ကျားဖျန်) လုပ်ငန်းများ ခေတ်စားလျက်ရှိပြီး၊ အဆိုပါလုပ်ငန်း အများစုကို တရုတ်နိုင်ငံသားများက ဦးစီးလုပ်ကိုင်နေကြခြင်းဖြစ်သည်။
“ ဒီ “ ဝ” ပြည်နယ်မှာတော့ ကျားဖျန်လုပ်ငန်းတွေပေါတယ်။ အွန်လိုင်းလိမ်လည်မှုတွေပေါ့။ တရုတ်နိုင်ငံသားများတယ်။ မြန်မာအမျိုးသမီးတွေကိုလည်း၊ မတရားဖိနှိပ်ခိုင်းစေတာတွေရှိတယ်။ တချို့မိန်းကလေးတွေဆို ပိတ်လှောင်ထားတာ၊ လစာမပေးတာ တွေရှိတယ်။” ဟု ကျားဖျန်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ဖူးသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က၊ ဆက်သွယ်ရေးလိမ်လည်မှု့ဖြင့်၊ ပြစ်မှူကျူးလွန်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို၊ “ ဝ” ပြည်နည် ရဲတပ်ဖွဲ့မှ၊ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့သို့၊ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်မြို့များနှင့် ထိုင်း-မြန်မာနယ်စပ်မြို့များ၌ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြသည့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)များ၌ ခိုင်းစေခံထားရသည့် သူများအကြောင်း၊ ရိုက်ကူးထားသည့် “ No More Bets” တရုတ်ရုပ်ရှင်သည်၊ မြန်မာများ၏ ဂုဏ်သိက္ခာညှိုနွမ်းစေသည်ဟုဆိုကာ စစ်ကောင်စီက ရှုံ့ချမှုများပြုလုပ်ခဲ့သေးသည်။

