PDF များကို ဆဲရေးတိုင်းထွာကာ စစ်ကောင်စီတပ်က မြောင်မြို့နယ်၊ ခေါင်းခွဲကျေးရွာအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ခေါင်းခွဲရွာကို အောက်တိုဘာ ၁၂ ရက်၊ညနေ ၄ နာရီခန့်တွင် စစ်တပ် ကမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အိမ်အလုံး ၂၀ ခန့် ပြာကျကာ နွား ၅ ကောင် သေဆုံးသွားကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ထံက သိရသည်။
” မီးတော့ဝင်ငြှိမ်းပေးခဲ့ရတယ်။ ဒရုန်း မစ်ရှင် ကလည်းဖော်ရသေးတယ်။ လူနေအိမ် ၂၀ ခန့်နဲ့ နွား ၅ကောင်သေတာကိုတော့ အတည်ပြုနိုင်ပြီ” ဟု CDSOM တာဝန်ခံ ရဲဘော်နွေဦး – မြောင်က MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ခေါင်းခွဲရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” PDF တွေမိုက်ရင်ထွက်ခဲ့လို့ဆိုပြီး ဆဲဆိုပြီးဝင်လာတာပါ။ လက်နက်ကြီးပစ်တဲ့နေရာကို ဒရုန်းနဲ့တိုက်တယ်။ စစ်သား အနည်းဆုံး ၅ ကောင်လောက်တော့သေမယ်။ အတိအကျတော့ အတည်မပြုနိုင်သေးဘူး ” ဟု ၎င်းက ဆက်လက်ပြောသည်။
ခေါင်းခွဲကျေးရွာကို မီးရှို့ပြီးနောက် ညဘက်တွင် စစ်သားအင်အား ၅၀ စီ ခွဲကာ ဇီးကျွန်းနှင့် ဆူးလေကုန်းကျေးရွာ၌ စခန်းချကြကြောင်း သိရသည်။
” စစ်ကောင်စီတပ်က ရွာ ၂ ရွာကိုတပ်စွဲထားတာမို့ အနီးဝန်းကျင်က ရွာ ၈ ရွာက ပြည်သူတွေပါ တိမ်းရှောင်နေရတာပါ။ အရေးပေါ်လိုအပ်ချက်အနေနဲ့ အမိုးအကာ၊ အစားအသောက်တွေ လိုအပ်နေတာ ” ဟု မြောင်လူငယ်ကွန်ရက်အဖွဲ့ဝင် မအမရာမှူးက ပြောသည်။
ဒရုန်း ဖြင့် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် စစ်သားများကို သယ်ရန် စစ်တပ်က ဖမ်းဆီးသွား သည့် ဒေသခံ ၅ ဦး ၏ အခြေအနေကိုမူ မသိရသေးပေ။