ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးများ၊ လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းများသည် သက်ဆိုင်ရာ မြို့နယ်များ၌ ခွင့်ပြုမိန့်ရယူမည်ဟု စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ၊ရေဘေး ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ပရိဟတအဖွဲ့များထံမှ သိရသည်။
အောက်တိုဘာလ ၇ရက်နေ့မှစ၍ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်များရေကျော်မှုဖြစ်ပွားပြီး ရန်ကုန်တိုင်း၊ လှည်းကူးမြို့နှင့် ပဲခူးတိုင်း၊ ပဲခူးမြို့တွင်တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် ပြည်သူအများအပြား ရေးဘေသင့်ခဲ့ကာ၊ ၎င်းတို့အား အရပ်ဘက် အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ခြင်းလည်းဖြစ်သည်။
“ မနေ့ညနေက ရန်ကုန်က အလှူရှင်တွေ လှူထားတဲ့အစားအသောက်၊ အဝတ်အထည်တွေယူပြီး၊ ဒီမနက် ပဲခူးကို သွားမလှူမလို့ မြို့ထဲကိုဝင်ခွင့်ပေးဘူး။ စစ်ကောင်စီဘက်က လက်နက်အပြည့်အစုံလူအင်အားအပြည့်နဲ့ စစ်ဆေးတာ၊ ဘယ် အဖွဲ့ကလဲ ဘယ်မြို့ကလည်း၊ မင်းတို့လာတဲ့မြို့က သက်ဆိုင်တဲ့ စစ်တပ်ရဲ့ ထောက်ခံချက်ပါမှ မြို့ထဲဝင်ရမယ်။ မပါရင်ပြန်သွားလိုက်၊ ပစ္စည်းတွေတော့ထားခဲ့လိုက်၊ ငါတို့ပဲလိုအပ်တဲ့နေရာမှာ ဝေငှလိုက်မယ်။ မနက်ဖြန်လာမယ်ဆို ထောက်ခံချက် ယူခဲ့လို့ပြောတာ” ဟု ရေဘေးကယ်ဆယ်ရေး အဖွဲ့တစ်ခု က MPA သို့ ပြောသည်။
ထိုကဲ့သို့ အလှူပစ္စည်းများအား စစ်ကောင်စီလက်သို့ ထည့်ပါက၊ ရေဘေးသင့်ပြည်သူများထံ တိုက်ရိုက်ရောက်ရှိရန် မသေချာသဖြင့်၊ အလှူပစ္စည်းများအား ပဲခူးမြို့အတွင်းရှိ ပရဟိတအဖွဲ့များကို မြို့အဝင်တွင် လာရောက်ယူခိုင်းကြောင်း ၎င်းက ဆိုသည်။
“ ပဲခူးဘက်မှာလည်း မြို့ထဲပေးမဝင်သလို၊ လှည်းကူးဆို တိုးဂိတ်နားမှာထဲက ပေးမဝင်ဘူး။ ကံကောင်းလို့ မြို့ထဲက ရှိတဲ့ သူတွေကလည်း အချင်းချင်းဝိုင်းဝန်းကူညီကြတော့၊ အစားအသောက်တော့အခက်အခဲမရှိဘူး။ ကယ်ဆယ်ရေး လုပ်ဖို့ ကြ အင်အားနည်းသွားတော့ အခက်ခဲတွေ့တယ်။ အခြားကယ်ဆယ်ရေးအဖွဲ့တွေ ပရဟိတအဖွဲ့တွေပါရှိတော့ ဘယ်နား မှာ ဘယ်အိမ်တော့ပိတ်မိနေတယ်။ ဘယ်လိုကယ်ထုတ်ရမလဲ၊ စတာတွေကို အနီးအနားမှာရှိတဲ့ အဖွဲ့တွေက အမြန် ကယ်ဆယ်နိုင်တော့၊ မလိုလားအပ်တဲ့ အန္တရာယ်တွေဘာတွေ မဖြစ်ဘူးပေါ့၊ အခုမြို့ထဲမှာက ကြက်ခြေနီရယ်၊ မီးသတ် ရယ်၊ ပရဟိတအဖွဲ့လည်း ၂ဖွဲ့လောက်ပဲရှိတယ်။ အခု မိုးမရွာတာတောင်ရေကလုံးဝမကျဘူး” ဟု လှည်းကူးမြို့ ဒေသခံ တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ရေဘေး ကယ်ဆယ်ရေးပြုလုပ်သည့် အဖွဲ့အစည်းများအနေဖြင့် ခွင့်ပြုချက်ရယူရမည်ဟု ကန့်သတ် ချက်များထုတ်ပြန်ထားသော်လည်း၊ ပရဟိတအဖွဲ့များအနေဖြင့် တတ်နိုင်သည့်ဘက်မှ အကောင်းဆုံး ကူညီကယ်ဆယ် ရေးများ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ ရန်ကုန်မြို့ရှိ ကူညီကယ်ဆယ်ရေးအဖွဲ့တစ်ခု တာဝန်ရှိသူတစ်ဦး က ပြောသည်။
“ သက်ဆိုင်ရာမြို့ရဲ့ စစ်ကောင်စီ ထောက်ခံချက်ကို၊ ရအောင်ကြိုးစားနေပါတယ်။ ဘယ်လိုတွေပဲဖြစ်ဖြစ် ကယ်ဆယ်ရေးတွေဆက်လုပ်မယ်။ ပရဟိတအဖွဲ့တွေနဲ့လည်းချိတ်ပြီး သွားရောက်မယ်။ အခမဲ့ဆေးကုသခွင့် ရအောင်ဆရာဝန်တွေရယ်၊ ဆေးဝါးအပြည့်အစုံရယ်၊ ရှာထားပြီးပါပြီ၊ အတက်နိုင်ဆုံးကြိုးစားနေပါတယ်။ ဒီနေ့တော့ မှော်ဘီမြို့နယ်၊ မြောင်းတကာရွာဘက်တော့ ကယ်ဆယ်ရေးပြုလုပ်နိုင်ခဲ့ပါတယ်။ အခြားမြို့တွေလည်း အမြန်ဆုံး လာနိုင်အောင်ကြိုးစားနေပါတယ်” ဟု ရန်ကုန်ရှိ ကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ယနေ့(အောက်တိုဘာ ၁၁ရက်)တွင်၊ ပဲခူးမြို့၌ ကုန်းတွင်းပိုင်းနေရာအချို့တွင် ရေကျသွားသော်လည်း၊ မြေနိမ့်ပိုင်း နေရာများ၌ ရေကြီးရေလျှံမှုဆက်လက်ဖြစ်ပေါ်နေကြောင်း၊ လှည်းကူးမြို့တွင်လည်း မိုးရွာသွန်းမှု မရှိသော်လည်း ရေတိုးကာ၊ ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပေါ်နေသောကြောင့်၊ ကယ်ဆယ်ရေးစခန်းအချို့ နေရာပြောင်း ရွှေ့မှုများ၊ ပြုလုပ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။



