စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကံသာယာရွာတွင် စစ်ကောင်စီက ပြည်သူနှစ်ဦးကို သတ်ခဲ့သည့်အပြင်၊ နေအိမ်ကို မီးရှို့ကာ၊ အမျိုးသမီးအလောင်းမှ နားရွက်ဖြတ်၍ နားကပ်လုယူသွားကြောင်း သိရသည်။
ယမန်နေ့( အောက်တိုဘာ ၁၀ ရက်) ၊ နေ့လယ် ၁၂နာရီခန့်တွင်၊ ကံသာယာကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ပြည်သူ ၂ဦးကို ပစ်သတ်ခဲ့ပြီး၊ တစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ နယ်မြေခံ ကျေးလက်ပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လေရိုင်းက ပြောသည်။
” အဖမ်းခံရတဲ့ ပြည်သူကတော့ (၄)ဦးပါ၊ နှစ်ဦးကတော့ အသတ်ခံရပြီး၊ တစ်ဦးကတော့ ဓားစာခံအဖြစ်ပါသွားတယ်။ တစ်ဦးကတော့ ပြန်လွတ်လာပါတယ်။ မိန်းမကိုသတ်ပြီး ယောင်္ကျားဖြစ်သူကို ဖမ်းသွားတာ၊ သူတို့အိမ်လေးလည်း မီးရှို့ခံလိုက်ရတယ်၊ တိမ်းရင်းရှောင်ရင်းနဲ့ တောထဲမှာတင် မိသွားကြတာပါ၊ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ နားကိုဖြတ်ပြီးတော့၊ နားကပ်ကိုယူသွားတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ ကံသာကျေးရွာသို့ စစ်ကြောင်းထိုးကာ ပြည်သူများကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ၊ စစ်ကြောင်းသည် အင်အား ၁၂၀ခန့်ရှိပြီး၊ အောက်တိုဘာ ၉ရက်မှစတင်ကာ ရေဦးမြို့နယ်သို့ စစ်ကြောင်းထိုးပြီးနောက်၊ ခင်ဦးမြို့နယ်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
” သေသွားတာကတော့ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ မောင်ဝမ်းကွဲတော်စပ်သူတစ်ဦးပေါ့၊ သူတို့ကို နေ့တွင်းချင်းပဲ သဂြိုဟ် ပေးလိုက်ကြပါတယ်။ အဲဒီအမျိုးသမီးမှာ ၂နှစ်အရွယ် ကလေးတယ်ယောက်နဲ့ ၅နှစ်အရွယ် ကလေး တစ်ယောက်တော့ ကျန်ခဲ့ပါတယ်။ အမေကလည်း အသတ်ခံရ၊ အဖေကလည်း အဖမ်းခံရ၊ နေအိမ်ပါ မီးရှို့ဖျက်ဆီးခံ လိုက်ရတော့၊ အဘိုး အဘွား တွေဆီမှာဘဲ ပို့ထားရပါတယ် “ ဟု ကံသာယာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ကံသာကျေးရွာသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်အား၊ စောကြီးရွာ အနောက်ဘက်၌ နယ်မြေခံ ကျေးလက်ပြောက်ကျားတပ်ဖွဲ့၊ မြို့နယ်ပကဖ များ၊ Local .PDF ဒေသခံကာကွယ် ရေးအဖွဲ့များမှ ၈၀မမ၊ ၆၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုအား သိရှိရခြင်းမရှိသေးပေ။