ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌၊ စစ်ကောင်စီ ဖျက်ဆီးထားသည့် ဖာဖိန့်ရွာနှင့် ပန်ကြုံရွာ ကြားရှိ လမ်းပိုင်းတွင်၊ မိုင်းနင်းခံရသူ ၅ ဦးအထိရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(အောက်တိုဘာ ၁၀ရက်)က၊ ဖာဖိန့်ရွာရှိ ဒေသခံတစ်ဦးသည် ယင်းလမ်းပိုင်းသို့ သွားစဉ် စစ်ကောင်စီထောင် ထားသည့် မိုင်းနင်းမိပြီးနောက်၊ ညာဘက်ခြေထောက်ပြတ်ထွက်သွားကြောင်း သိရသည်။
မိုင်းနင်းမိသည့် ဒေသခံသည် အသက် ၂၆နှစ်အရွယ် ဦးလရှိးနော်ဆိုသူဖြစ်ပြီး၊ မိတ်ဆွေ၂ ဦး နှင့်အတူ နမ့်တောင်ရွာမှ ဖာဖိန့်ရွာသို့ အပြန်လမ်း၌ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ အသံကြားကြားချင်းသွားကြည့်လိုက်တယ်။ သူက ကျွန်တော့်ကို ကယ်ပါဆိုပြီး အော်နေတဲ့အချိန် ဘယ်သူမှ မဝင်ရဲဘူး။ ခဏကြာမှ သူ့ကိုသွားခေါ်တာ၊ ဦးလရှိနော်နဲ့ အတူတူလမ်းလျှောက်လာတဲ့ ကျန်တဲ့သူ နှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ အဲ့ဒီလမ်းက စစ်ကောင်စီက ဖျက်ဆီးထားပြီးတော့၊ မိုင်းတွေထောင်ထားလို့၊ မသွားဖို့ တားမြစ်ထားတဲ့လမ်းလေ” ဟု အခင်းဖြစ်နေရာသို့ သွားရောက် ကြည့်ရှု့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လမ်းပိုင်းအား ယခုနှစ်၊ ဩဂုတ် ၁၅ ရက်တွင် စစ်ကောင်စီမှ မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ လာရောက်နိုင်ခြင်းမရှိစေရန်အတွက် မိုင်းများထောင်ခဲ့ခြင်းဖြစ်ကြောင်း လည်း ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီမှ မိုင်းများထောင်ထားသည့်အတွက် ဖာဖိန့်ရွာနှင့် ပန်ကြုံရွာရှိ ဒေသခံများသည် ယင်းလမ်းပိုင်းကို ရှောင်ကွင်းကာ သွားလာမှုများပြုလုပ်သော်လည်း၊ မိုင်းများရှိသည်ကို သိရှိခြင်းမရှိသည့် ဒေသခံများသည် ယင်း လမ်းပိုင်းကို အသုံးပြုခဲ့သည့်အတွက် ဩဂုတ်လအတွင်း မိုင်းနင်းမိသူ ၄ ဦးရှိခဲ့ပြီး၊ တစ်ဦးသေဆုံးခဲ့ကြောင်း ဖာဖိန့်ရွာခံ၊ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီလမ်းက ပြည်သူတွေအသုံးပြုတဲ့ လမ်းပါ။ လမ်းကိုတော့ မဖျက်ဆီးသင့်ဘူး။ အခုကျွန်မတို့ သွားလာရ အရမ်းခက် တယ်။ တစ်နာရီကြာရမယ့် ခရီးကို ၂ နာရီလောက်ကြာသွားတယ်။ ပစ္စည်းတစ်ခုခု ဝယ်ဖို့လည်း အရမ်းခက်သွားတယ်။ အဲ့ဒီလမ်းပိုင်းက ခဏခဏ မိုင်းတွေပေါက်တယ်” ဟု ၎င်းက ဆိုသည်။
အောက်တိုဘာ ၁၀ ရက်က၊ စစ်ကောင်စီထောင်ထားသည့် မိုင်းအားနင်းမိခဲ့သည့် ဦးလရှီးနော်သည် ခြေထောက်ပြတ် သွားသည့်အတွက် မူဆယ် ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းလည်း သိရသည်။
ထို့ပြင် ယင်းလမ်းပိုင်း၌ ပြည်သူများ မကြာခဏ မိုင်းနင်းမိသည့်ဖြစ်စဉ်များဖြစ်ပွားနေသောကြောင့်၊ TNLA က စက်တင်ဘာ ၉ ရက်တွင် ဖာဖိန့်ရွာနှင့် ပန်ကြုံရွာလမ်းပိုင်းအား ယာယီပိတ်ထားကြောင်းလည်းသိရသည်။



