စစ်ကိုင်းတိုင်း၊ ပုလဲ မြို့ပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းမှာ အထက်တန်းကျောင်းတွင် စခန်းချ ကာ ကျောင်းကို တစ်ပတ်ပိတ်ခိုင်းလိုက်ကြောင်း သိရသည်။
အောက်တိုဘာ၉ရက်နေ့ နံနက်ပိုင်းတွင် ယင်း စစ်ကြောင်း၏ ရှေ့ပြေး တပ်ဖွဲ့ ပုလဲမြို့ပေါ်သို့ရောက်ရှိလာပြီး ပုလဲမြို့အထက်တန်းကျောင်း၌ စခန်းချကာ စစ်သားများက ကျောင်းတစ်ပတ် ပိတ်ကြောင်းပြောကြားသည်ဟု ပုလဲမြို့ခံတစ်ဦးပြောသည်။
အောက်တိုဘာ၉ရက် ညနေပိုင်းတွင် ပုလဲမြို့တွင်းသို့စစ်သားနှင့် ပျူစောထီး ခန့်မှန်း ၁၀၀ ကျော်ပါ လာသည့် စစ်ယာဉ်တန်းရောက်ရှိလာကာ ပုလဲမြို့ အထက်တန်းကျောင်း၌ ပင် စခန်းချကြောင်းသိရသည်။
” စာသင်ကျောင်းထဲမှာ စစ်တပ်က သံပြားကာ ထားတဲ့ကားက ၉ စီး ၊ ကုန်သယ်လာတဲ့ ၁၀ ဘီးကားက ၁၁ စီး ၊ တင့်ကားက ၂ စီး၊ ဘက်ဖိုးက ၁ စီး ပေါင်း ၂၃ စီး ရောက်နေတာ ပုလဲ မြို့ထဲမှာ ၁ ပတ်လောက်နေပြီး နယ်မြေစစ်ဆင်ရေး ပတ်ဦးမယ်လို့ လည်းကြားတယ် ” ဟု ၎င်းက ပြောသည်။
ယင်းစစ်ကြောင်းမှ ဒဏ်ရာရရှိသူများကို ပုလဲမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးစစ်သား ၅ဦး အား အောက်တိုဘာ၁၀ရက်တွင် ရင်ခွဲရုံအနီး၌ မြေမြှုပ်လိုက်ကြောင်း ပုလဲမြို့နယ်အခြေစိုက် M7 PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” အခုနောက်ပိုင်း သူတို့က မီးရှို့ပြီး သိပ်မသင်္ဂြိုလ်တော့ဘူး။ အရင်က ပုလဲမြို့ထဲမှာ မိုင်းဆွဲ ခံရတုန်းကလည်း ဆေးရုံရဲ့ ရင်ခွဲရုံနားမှာ မြေမြှုပ်လိုက်တာ။ အဲ့နားမှာပဲ မြေမြှုပ်နေကြပြီ ” ဟု ၎င်းက ပြောသည်။
ယင်းစစ်ကြောင်းကို အောက်တိုဘာ ၉ရက်နေ့က ပုလဲမြို့နယ်၊ကုက္ကိုလ်ကုန်းရွာ အရှေ့ဘက်တွင် ပေပါ မိုင်းနှင့် ရှေ့ထွက်မိုင်းတို့ဖြင့် ဒေသတွင်းPDFများ စုစည်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၅ ရက်နေ့မှ စ၍ ပုလဲမြို့နယ်ထဲသို့ စစ်ကြောင်းထိုးဝင်လာသော ယင်းစစ်တပ်သည် လမ်းတစ်လျှောက် ကျေးရွာများမှ လုယက်ခဲ့သော ပြည်သူပိုင်ပစ္စည်းများကို အောက်တိုဘာ၁၀ရက် နံနက်ပိုင်းတွင် ပုလဲမြို့ဘောလုံးကွင်း၌ လျှော့ဈေးဖြင့် ရောင်းချခဲ့ရာ စစ်အုပ်စုအသိုင်းအဝိုင်းသာ ဝယ်ယူကြကြောင်း ပုလဲမြို့ခံကပြောသည်။
အောက်တိုဘာ ၉ရက်၊နံနက်ပိုင်းက ပုလဲ-ဂန့်ဂေါ လမ်းမပေါ်ရှိ မင်းတိုင်ပင် ၊နှောကန် ၊ လက်ပုကန်နှင့် ကုက္ကိုကုန်း ရွာတို့မှ ဆန်၊ ဆီ၊ ရေခဲသေတ္တာ၊ ဆိတ် ၊ ဝတ် ၊ ရေစုပ်စက်၊ ဆိုင်ကယ်၊ အဝတ်အထည်နှင့် အိမ်တွင်းပစ္စည်းများကိုစစ်သားနှင့်ပျူစောထီးတို့ ဝင်ရောက်လုယက်ကာ ကားပေါ်တင်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းများ ဖော်ပြနေသည့် Pale Entertainment က ထုတ်ပြန်ထားသည်။