မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်တောင်ရွာရှိ နွေဦးအောင်လံ ဥဒါန်းမာန်တော်လှန်ရေး စာစောင်ရုံးခန်းကို စစ်ကောင်စီက ဖျက်ဆီးလိုက်ကြောင်း အယ်ဒီတာအဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
ပခုက္ကူမြို့မှ စက်တင်ဘာ ၂၉ ရက်နေ့တွင် စတင်ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူနှင့် မြိုင်မြို့နယ်ကြားတွင် ၅ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး ဥဒါန်းမာန်တော်လှန်ရေး စာစောင်ရုံးကို အောက်တိုဘာ ၂ ရက်နေ့က ဝင်ရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စာစောင်အဖွဲ့ဝင်တွေကလည်း ရဲဘော်တွေများတော့ ပစ္စည်းတွေ သိမ်းချိန်မရလိုက်ဘူး။ ဒါကြောင့် ခံလိုက်ရတာ။ A4 စက္ကူပုံးတွေကို ရေတွင်းထဲ ပစ်ချခဲ့တယ်။ ရိုက်ပြီးသားတွေကို ရေလောင်းခဲ့တယ်။ ရုံးတစ်ခုလုံး ဓာတ်ဆီလောင်းထားတာတွေ့တယ်။ မီးရှို့မယ့် အစီစဥ်ပေါ့။ ရှို့ချိန်မရလိုက်လို့နေမှာ”ဟု ဥဒါန်းမာန်တော်လှန်ရေးစာစောင်၊ အယ်ဒီတာအဖွဲ့ဝင် ကဗျာဆရာလွန်းအိမ်သစ်က MPA သို့ ပြောသည်။
စစ်ကောင်စီ၏ ဖျက်ဆီးမှုကြောင့် မိတ္တူစက် ၁ လုံး၊ ကာလာ Printer ၂ လုံး၊ ဖြူမည်း Printer ၁ လုံး၊ စာရွက်ပုံး ၁၀ ပုံး၊ Laptop ၁ လုံး၊ မီးအားမြှင့်စက်၊ မင်ဗူးနှင့် အထွေထွေပစ္စည်းများ ကာလပေါက်စျေး ငွေကျပ် ၇၄ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
ဥဒါန်းမာန်တော်လှန်ရေးစာစောင်ကို ပခုက္ကူနှင့် မြိုင်မြို့နယ်အခြေစိုက် ကဗျာဆရာများ၊ စာရေးဆရာများ ပူးပေါင်း၍ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး စာစဥ် ၃ အထိ ထုတ်ဝေပြီး၍ စာစဥ် ၄ ထုတ်ဝေရန် ရိုက်နှိပ်ဆဲတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။
“ရုံးကိုက မီးရှို့ဖို့လုပ်နေတဲ့ အခြေအနေပဲ။ ပစ္စည်းတွေပုံပြီး ဓာတ်ဆီနဲ့ လောင်းပြီးသားရယ်။ ဒီဘက်က ဒရုန်းနဲ့ အီနာဂါချလို့ ထွက်ပြေးတာ။ သေနတ်တောင် မသယ်နိုင်ဘူး။ သေနတ်နဲ့ ဦးထုပ်နဲ့ ကျန်ခဲ့တယ်”ဟု ဥဒါန်းမာန်စာစောင် ထုတ်လုပ်ရေးတာဝန်ခံ ကိုဇော်ပျံက MPA သို့ ပြောသည်။
နွေဦးအောင်လံ ဥဒါန်းမာန်စာစောင်ကို အဖိနှိပ်ခံလူထုအတွင်း တော်လှန်ရေးအသိ ထွန်းကားစေရန် မြေပြင်သပိတ်တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲနှင့် မီးရှို့ခံကျေးရွာများ၏ ဆုံးရှုံးမှု မှတ်တမ်းဓာတ်ပုံများ အပါအဝင် ကဗျာ၊ ဆောင်းပါး၊ သတင်းဓာတ်ပုံ၊ အက်ဆေး၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ပွဲသတင်း၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုစသဖြင့် ကဏ္ဍစုံလင်စွာဖြင့် ရည်ရွယ်ထုတ်လုပ်ခြင်း ဖြစ်သည်။
“ကျတော်တို့ ပြန်လုပ်မှာပါ။ ပြန်လုပ်ဖို့လည်း လုံးပန်းနေပါပြီ။ ကျတော်စာရွက်ထုပ်တွေလည်း ပြန်တော့ဝယ်ထားပြီ။ Printer လည်း တစ်လုံးတော့ အဖွဲ့အစည်းတစ်ခုက လှူတယ်ဆိုတော့လေ။ ဒါပေမဲ့ နောက်ထပ်လည်း မိတ္တူစက်တွေတော့ လိုသေးတာပေါ့ဗျာ”ဟု ကိုဇော်ပျံက ဆက်ပြောသည်။
အဆိုပါစစ်ကြောင်းသည် ကျောက်ဆောက်တောင်ရွာရှိ ပြည်သူနေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် ပခုက္ကူမြို့သို့ ပြန်လည်ဝင်ရောက်သွားသည်ဟု စုံစမ်းသိရှိရသည်။



