စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့တွင် စစ်ကောင်စီနှင့် ပျူစောထီးများက ကျေးရွာများအား၊ မီးရှို့ဖျက်ဆီးနေသဖြင့်၊ ပေကြီး၊ ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက် စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ရွာမှ ဒေသခံပြည်သူ တစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်
ယမန်နေ့(အောက်တိုဘာလ (၁၀)ရက်)၊ ညနေ (၃)နာရီ ခန့်တွင် ပေကြီးရွာအား စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစောထီး၊ အင်အား (၁၅၀)ကျော်သည် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး၊ ရွာအား မီးရှိုဖျက်ဆီး ခဲ့ကြောင်း၊ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်တာ၊ ဝင်ပြီးတော့မှ မီးရှို့ဖျက်ဆီးကြတာပါ၊ အဲဒီလို စစ်ကြောင်း ထိုးတော့ လွတ်ကင်းမယ်ထင်တဲ့ နီးစပ်ရာရွာတွေကို ရှောင်နေကြရတာပေါ့၊ တောထဲမှာ တဲထိုးပြီး စစ်ရှောင်နေကြ ရတာတွေလည်း ရှိတယ်။ ရုတ်တရက် ထွက်ပြီး ရှောင်လာကြရတာဆိုတော့၊ အဝတ်အစားနဲ့အစားအသောက် အခက် အခဲ မျိုးတွေတော့ ရှိတယ်။ ဘယ်လောက်လောက် အပျက်အစီးရှိနေပြီလဲဆိုတာတော့ မသိရသေးပါဘူး၊ ဖျက်ဆီး ခံရတဲ့ရွာတွေမှာ ရွာခံတွေကလည်း မရှိ၊ နောက်ပြီး အဲဒီနား ပတ်ဝန်းကျင်မှာ စစ်ကြောင်းတွေ တောက်လျှောက် ရှိနေတာမို့ပါ” ဟု ၎င်းက ပြောသည်။
ထို့ပြင် အောက်တိုဘာလ (၉)ရက်၌ ငှက်ပျောတိုင်းရွာ၊ လျှပ်စစ်ဓာတ်အားပေးရုံအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေကြောင်း (၃)ကြိမ် ပစ်ကူခဲ့ရသည့်အထိ၊ ထိခိုက်ကျဆုံးမှုများပြားသဖြင့် ၊ ပျူစောထီးနှင့် စစ်ကောင်စီ အင်အား ၁၅၀ ကျော်သည်၊ ငှက်ပျော်တိုင်ရွာအနီးရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး မှုများပြုလုပ်နေခြင်းဖြစ်သည်။
” စစ်ကြောင်းထိုးတော့ တစ်ချို့လည်း မိသားစုများတဲ့သူတွေဆိုတော့ အခက်အခဲ ရှိတာပေါ့၊ ဆိုင်ကယ်မရှိတော့လည်း မိသားစု အလွတ် ပြေးကြရတာပေါ့၊ ကိုယ့်အထုပ်နဲ့ပစ္စည်းတွေ နိုင်သလောက် ယူပြီးတော့ပေါ့၊ ဆိုင်ကယ်ရှိတဲ့ သူကလည်း ဆိုင်ကယ်နဲ့ ပြေးကြ၊ ကားတွေဘာတွေကြတော့ အဆင်မပြေဘူးလေ “ ဟု စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူတစ်ဦး က ပြောသည်။
အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာ ၆ရက်တွင် အင်းလယ်ကြီးရွာ၊ စစ်ဘေးရှောင်တဲတိုက်၌၊ စစ်ဘေးရှောင် နေသည့် မောင်ပိုင်သက်ကျော် (၁၆) နှစ်၊ ကိုတာဝေး(၃၀)နှစ် နှင့် ကိုကျောက်စိမ်းဦး (၃၀)နှစ်တို့အား၊ ငါတို့ရွာ ပျူအထိုင်စခန်းသို့ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက်၊ အောက်တိုဘာလ (၈) ရက်တွင် မောင်ပိုင်သက် ကျော်အား ပြန်လည်လွှတ်ပေးခဲ့သော်လည်း၊ ကျန်နှစ်ဦးအား ငါတို့ရွာသုဿာန်တွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ စစ်ကြောင်းထိုးလို့ သူတို့နဲ့ တွေ့တဲ့သူဆိုရင် ပြန်လမ်းကတော့ နည်းတယ်၊ သူတို့သွားတဲ့လမ်းတစ်လျှောက်ကို ရှေ့ပွိုင့်တွေမှာ မိုင်းတွေခင်းထားမယ်ထင်တဲ့အခါ ပြည်သူတွေကို ရှေ့ကနေ တောတိုးခိုင်းတယ်။ စစ်ကြောင်းက ပစ္စည်းတွေ သယ်ခိုင်းတယ်။ သူတို့ မူးရူး သောက်စားနေလို့ ထွက်ပြေးလွတ်မြောက်လာတဲ့သူ အနည်းကျဉ်းတော့ ရှိတာပေါ့နော်၊ ပြန်မလာနိုင်တဲ့သူက များပါတယ်။ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့နေရာတွေကို စစ်ကြောင်းတွေ ထိုးတယ်။ အဲ့ဒီတော့ ပြည်သူတွေက ညှဉ်းပန်းနှိပ်စက်တဲ့ ဒဏ်ကြောက်လို့ လွတ်ရာပြေးကြရတော့ အရေးပေါ်စားစရာကမပါ၊ မိုးတွင်းပိုင်းဖြစ်နေတော့ ခြင်ပေါတဲ့အတွက် ငှက်ဖျားတို့ တုပ်ကွေးတို့ မိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက အားနည်းတော့ နာမကျန်းတဲ့သူတွေလည်း များတာပေါ့” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူများသည် စစ်ကောင်စီတပ်များ၏ မီးရှို့ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ကြုံတွေ့နေကြရကာ၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်၊ ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊မလည်တိုက်နယ်နှင့် ကာဘိုးတိုက်နယ် စသည့် တိုက်နယ်(၈)ခုရှိသည့်အနက် တိုက်နယ်(၆)ခုအတွင်းရှိ ကျေးရွာများမှ ပြည်သူ နှစ်သောင်းခန့်သည်အမြဲတမ်း စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ခွဲကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။




