မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး PDFရဲဘော် ၃ဦးအား သတ်သွားကြောင်း မြိုင်အရှေ့တောင်ပိုင်းဇုံပကဖ ထံကသိရသည်။
အောက်တိုဘာ ၁၀ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်က မြိုင်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောက်ဖူးကျေးရွာအနီးရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးခဲ့ရာ PDFရဲဘော် ၁ဦးလွတ်လာကာ ၂ ဦးမှာ ယနေ့အချိန်ထိ အဆက်အသွယ်မရဖြစ်နေကြောင်း သိရသည်။
မောင်းပြန်သေနတ် ၁ လက်နှင့် လက်လုပ်သေနတ် ၃ လက် ဆုံးရှုံးခဲ့ပြီး စခန်းကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မြိုင်အရှေ့တောင်ပိုင်းဇုံပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ လင်းခါနီးမှာ ဖြစ်သွားတာ။ ကျနော်တို့ဘက်ကနေ အပစ်အခတ်သံကြားရတာပေါ့။ ပြီးတော့ ရဲဘော်တွေ ၃ ယောက်ကျသွားတယ်လို့ ကြားတယ်။ စခန်းတစ်ခုကို မနက်ခင်းဝင်စီးတယ်ဆိုတာ သတင်းအတိအကျရလို့ပဲဖြစ်မယ်။ အဲ့မှာ၂ ဦးက ပျောက်နေတာ အဆက်သွယ်မရဘူး။ မိတာလား တစ်ခြားနေရာရောက်နေတာလားမသိဘူး။ ကင်းသမားသုံးယောက်မှာ ၂ယောက်ကပစ်ခတ်ခံရပြီး အဲ့ထဲက ၁ယောက်ကလွတ်လာတာ” ဟု ၎င်းကပြောသည်။
ဝင်စီးခံရသည့်စခန်းမှာ ပခုက္ကူမြို့နယ်အခြေစိုက် Local PDFစခန်းတစ်ခုဖြစ်ပြီး မည်သည့်အဖွဲ့ဖြစ်ကြောင်း အတည်မပြုနိုင်သေးဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် မြိုင်နှင့် ပခုက္ကူမြို့နယ်အစပ်တွင် စစ်ကြောင်းလှည့်ထိုးနေသည်မှာ ၁၆ရက်ကြာပြီဖြစ်ပြီး ဒေသခံပြည်သူ ၇သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။
စစ်ရှောင်နေရသည်မှာ ရက်ရှည်လာပြီဖြစ်သဖြင့် စားနပ်ရိက္ခာ၊ မိုးကာနှင့် ဆေးဝါးများလိုအပ်လာကြောင်း စစ်ရှောင်ပြည်သူတဦးက ပြောသည်။
“ ရက်ကရှည်တော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေက ကျန်းမာရေးထိခိုက်မှုတွေ တအားဖြစ်နေတယ်။ နေမကောင်းဖြစ်တာတွေလည်းများနေတယ်။ မိုးကလည်း တစ်ရက်မှမပြတ်ဘူး။ ဆက်တိုက်ရွာနေတာ။ လှည်းတွေ၊နွားတွေနဲ့ တောထဲမှာနေရတာဆိုတော့ စားနပ်ရိက္ခာပြဿနာလည်းရှိလာတယ်” ဟု ၎င်းက ပြောသည်။
ယင်းစစ်ကြောင်းသည် နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို ရိုက်နှက်ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်လျက်ရှိပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကိုလည်း နေ့စဉ် ခံနေရကြောင်းသိရသည်။