ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်၊ မိုးဗြဲမြို့နယ်၊ ဒုန်းဒူထန်ရွာရှိ ရထားသံလမ်း အနီး၊ အထိုင်စခန်းချ တပ်စွဲထားသော စစ်ကောင်စီနှင့် ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG) အား PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း မိုးဗြဲ Local PDF ထံမှသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက် ၊ မနက် ၆ နာရီမှ မနက် ၈ နာရီအထိ စစ်ကောင်စီနှင့် KNG တပ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီပူးပေါင်းတပ်မှ ၁၀ ဦးခန့်သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများပြားခဲ့ကာ၊ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ မိုးဗြဲ Local PDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ဆိုသည်။
“ စစ်ကောင်စီ နဲ့ KNG ပူးပေါင်းတပ်က ၂၀၊၃၀ဝန်းကျင် လောက်တော့ရှိမယ်။စစ်ကောင်စီနဲ့ KNG က တော်လှန်ရေးအစထဲက ပူးပေါင်းနေတာ၊ ကျွန်တော်တို့ စခန်းသိမ်းဖို့ စီစဉ်နေတာ နှစ်ပတ်၊ သုံးပတ်လောက်ရှိပြီ၊၂နာရီအတွင်း အပြီးသိမ်းမယ်မှန်းထားတာ” ဟု သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
အဆိုပါ စခန်းပတ်ဝန်းကျင်တွင် မိုင်းများထောင်ထားသည့်အပြင်၊ စစ်ကောင်စီမှ တပ်ကူများရောက်လာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းလည်းသိရသည်။
“ စစ်ကောင်စီ နဲ့ KNG တွေ မနက်ပိုင်း မျက်နှာသစ်၊ အိမ်သာတက်ချိန်ကိုအခွင့်ကောင်းယူပြီး ခြံနားကပ်ပစ်တာ၊ မျက်မြင် ၁၀ယောက်ဝန်းကျင်လောက်သေတယ်။ ဒဏ်ရာရသူများတယ်။ စစ်ကောင်စီက အိမ်ဆောက်ပစ္စည်းဆိုင်ကို အကာအကွယ်ယူပြီး ဘိလပ်မြေတွေ၊ ကွန်ကရစ်အထူတွေနဲ့ ပြန်တည်ဆောက်ထားတာ၊ RPG နဲ့ထုတာတောင် အပြင်ဘက်လောက်ပဲထိတာ၊ လက်နက်ခဲယမ်းမလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်” ဟု မြေပြင်တိုက်ပွဲ၌ ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက MPA သို့ပြောသည်။
အထက်ပါတိုက်ပွဲတွင် လက်နက်၊ခဲယမ်းမလုံလောက်မှုကြောင့် ပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့်၊ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး၊ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နှစ်ယောက် မိုင်းထိတယ်၊ တစ်ယောက်ကမစိုးရိမ်ရဘူး၊တစ်ယောက်ကတော့ ခြေထောက်နှစ်ချောင်းဖြတ်ရလောက်တယ်။ဒီးမော့ဆိုLocal Pdfက တစ်ယောက်က ပေါင်ကိုထိတယ်။ ကျွန်တော်တို့အဖွဲ့က အသက် ၁၈ နှစ်အရွယ် မောင်ယောဟန်ကတော့ ဦးခေါင်း ကျည်ထိမှန်ပြီး ကျဆုံးခဲ့တယ်” ဟု မိုးဗြဲ Local PDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ထိုတိုက်ခိုက်မှုကို မိုးဗြဲ Local PDFနှင့်အတူ ဒီးမော့ဆို Local PDF၊ လွိုင်ကော် PDF၊ မဟာမိတ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။