မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ရှောင်လမ်း ၊နှီးဘုရားအနီး နှစ်၃၀ခန့်ကြာ နေထိုင်ခဲ့သော အိမ်များ ကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြီး ဖျက်ခိုင်းသဖြင့် ဒေသခံ ၈၀၀ ဝန်းကျင် အိုးအိမ်မဲ့သွားကြောင်း သိရသည်။
အောက်တိုဘာ ၅ရက်တွင် နှီးဘုရားအနီးရှိ ဗြုန်းကျင်းခေါ် အင်ကြင်းတောင်ရွာသို့ စစ်သားများက လက်နက်အပြည့်အစုံဖြင့် ရောက်ရှိလာကာ နေအိမ် ၁၅၀ ခန့်ကို အောက်တိုဘာ ၁၀ ရက်နေ့အပြီး ဖျက်သိမ်းပေးရမည်ဟု ခြိမ်းခြောက်သွားကြောင်း အမည်မဖော်လိုသည့်ကျေးရွာသား တစ်ဦးကပြောသည်။
“ သူတို့ကခြိမ်းခြောက်ပြီး ဖျက်သိမ်းခိုင်းတယ်၊မဖျက်ရင်ဘူဒိုဇာနဲ့ဖျက်မယ်ဆိုပြီး ခြိမ်းခြောက်ထားတော့ ကိုယ့် အိမ်ကိုဖျက်နေရတာ ပြည့်လို့။သူတို့မှာကသေနတ်တွေပါလို့သာ ရဲနဲ့စစ်သားဆိုရင်ကို သတ်ပစ်ချင်နေပြီ။
အခက်အခဲတွေကတော့ မိုးထဲရေထဲမှာ နေစရာတောင်မရှိပါဘူး” ဟု ၎င်းကပြောသည်။
အင်ကြင်းတောင်ရွာနေရာတွင် အဆင့်မြင့်ကော်ဖီခြံပြုလုပ်မည်ဖြစ်၍ ဖယ်ရှားခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်နေသော်လည်း ရွာမြေမှာ ကျောက်တောင်နှင့်ဆက်စပ်နေသည့်အတွက် ကော်ဖီ စိုက်ပျိုး၍မရနိုင်ကြောင်း ဒေသခံအချို့ကပြောသည်။
“ သူ့ရဲ့တည်နေရာဟာ ဖောင်းတော ကျောက်တောင်ပါ။ဟိုစဉ်က ကြွေထည်မြေထည်အတွက်ဆိုပြီး သိမ်းယူထားတဲ့မြေပါ။မူလနေရာက ဖောင်းတောရွာသင်္ချိုင်းကုန်းအဟောင်းမြေနဲ့ ဆက်စပ်နေတာပါ။လွန်ခဲ့သော နှစ်၂၀ လောက်တုန်းက မောင်းတံဂိတ်လေးတခုရှိပါတယ်။သစ်တောမြေဆိုတာတော့လုံးဝမဟုတ်ပါဘူး’ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
ယခု အဖျက်ခံရသည့်မြေနေရာသည် ယခင်ကတည်းကမြေအရှုပ်အရှင်း ဖြစ်ခဲ့ဖူးသည့် နေရာဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
ဖျက်သိမ်းနေသည့် အိမ်အဟောင်းတစ်လုံးကို ကျပ်၂သိန်းမှ ၄သိန်းအထိ ပေးကာ အဟောင်းဆိုင် အချို့က ဝယ်ကြကြောင်း သိရသည်။
အိမ်ဖျက်သိမ်းလိုက်ရသော ပြည်သူတို့ထဲမှ နေစရာမရှိသူတို့မှာ ယင်းရွာအနီး၌ပင် ယာယီ တဲထိုး ကာ နေကြကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်ဦးလွင်မြို့ ဘူတာအနီးရှိ ရပ်ကွက်၊မြို့ရှောင်လမ်းဘေးနှင့် မြို့တွင်းဌာနဆိုင်ရာတိုက်တန်းတို့ကို စစ်တပ်က ဖယ်ရှားခိုင်းသဖြင့် နေအိမ် ထောင်နှင့် ချီ ဖျက်ပေးခဲ့ရပြီးဖြစ်သည်။