စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ နှစ်ပတ်ကျော်ကြာစစ်ကြောင်းထိုးပြီး ဖြတ်လေးဖြတ်ပြုလုပ်မှုများကြောင့် ဒေသခံ ပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ပြီးခဲ့သည့်လ (စက်တင်ဘာ) ၂၅ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်မှာ လက်ရှိတွင် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ စက်တင်ဘာ (၂၅) ရက်နေ့လောက်စပြီး ခမရ- ၃၆၁ က တပ်ကနေ အင်အား (၂၀၀) ကျော်နဲ့ စစ်ကြောင်းထိုးလာပါတယ်။ ပြီးတော့ ငှက်ပျောတိုင်း ရွာသစ်မှာရှိတဲ့ မီးရုံးမှာ အင်အား (၆၀ )ကျော်လောက် တပ်စွဲထားခဲ့ပြီးတော့ ကျန်တဲ့ တပ်တွေကတော့ ကန့်ဘလူ ၆၀၀၆ စစ်တပ်ထဲကို ဝင်သွားတယ်။ ပြီးတော့ ကျွန်းလှဘက်ကို ထပ်ပြီး ထွက်သွားပါတယ်” ဟု ဒေသတွင်းမီဒီယာ Infinity Group မှ တာဝန်ရှိသူ ကိုအက်ကေဘီက ပြောသည်။
ငှက်ပျောတိုင်းရွာသစ်အနီးရှိ လျှပ်စစ်ဓါတ်အားခွဲရုံအနီး၌ ခံတပ်များဆောက်လုပ်၍ အထိုင်ချတပ်စွဲနေသော စစ်ကောင်စီတပ်သည် ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်၊ ကာဘိုးတိုက်နယ်နှင့် တန့်ဆည်မြို့နယ်တို့ကို အောက်တိုဘာလ (၅) ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးများ ဖြတ်တောက်ထားသည်။
” ကျမတို့အခု ထွက်ပြေးတိမ်းရှောင်နေရတာ နှစ်ပတ်ကျော်ရှိပါပြီ။ နေစရာမရှိတော့ ဘုရားကျောင်းကန်ရှိရင် ဘုရားကျောင်းကန်၊ မရှိရင် တောတွေထဲမှာပေါ့၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေလည်း ရှိတော့ စားဝတ်နေရေး အခက်အခဲတွေလည်း ရှိပါတယ်။ လျှပ်စစ်မီးတွေက ဖြတ်ထားတော့ တစ်ခုခုဆို ဆက်သွယ်ရမယ့် ဖုန်းတွေကလည်း အားမရှိ၊ တောတွေထဲမှာ ဖယောင်းတိုင် မီးလေးတွေပဲ ထွန်းပြီးတော့ နေနေကြရပါတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၅) ရက်နေ့က ဇီးကုန်းမြို့လမ်းဆုံအဝင်ဂိတ်တွင် စစ်ကောင်စီတပ်နှင့် PDF တော်လှန်ရေး အင်အားများစု တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၅) ဦးသေဆုံးကာ (၁၀) ဦးကျော် ဒဏ်ရာရရှိခဲ့သည်။
ပြည်သူများ၏ သတင်းပေးမှုကြောင့် ၎င်းတို့ အထိအခိုက်အကျအဆုံးများပြားခြင်း ဖြစ်သည်ဟုဆိုကာ ဇီးကုန်းမြို့အ၀င်ရှိ အိမ်များကို ဖျက်ဆီးခဲ့ကြပြီး မြို့အဝင်တွင် ခံတပ်ဆောက်လုပ်ကာ ထန်းကုန်းတိုက်နယ်နှင့် ဇီးကုန်းတိုက်နယ်မှ ပြည်သူများကို ဇီးကုန်းမြို့အတွင်းသို့ အဝင်မခံကြောင်း ကိုအက်ကေဘီက ဆက်ပြောသည်။
ထို့အပြင် ဝင်ရောက်လာမည်ဆိုပါက သေနတ်ဖြင့်ပစ်သတ်မည်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ ခြိမ်းခြောက်ပြောဆိုမှုများရှိနေပြီး ယင်းဒေသများရှိ ပြည်သူများမှာ သီးနှံရောင်းချမှုများအတွက် အခက်အခဲကြုံနေရကာ လမ်းပန်းဆက်သွယ်မှုကိစ္စများလည်း အဆင်မပြေကြောင်း သိရသည်။
“ တောသူတောင်သားဆိုတာ တခြားဘာမှမှ မလုပ်တတ်တာ၊ ဒီသီးနှံလေးတွေ အချိန်မီရောင်းရဖို့ပဲ အားကိုးနေရတာ၊ အခက်အခဲကတော့ အကုန်ပါပဲ၊ စား၀တ်နေရေးကိစ္စ၊ ကျန်းမာရေးကိစ္စက စလို့ပေါ့၊ သူတို့က လမ်းကြောင်းတွေ ပိတ်တယ်၊ စစ်ကြောင်းတွေလည်း ထိုးနေတော့ သီးနှံတွေက သိမ်းချိန်တွေ မသိမ်းရဘူး၊ ရတဲ့သီးနှံဟာကျ ပြန်တော့လည်း လမ်းတွေပိတ်ထားတော့၊ ဘယ်လိုလုပ်ရမှာလဲ၊ ဒီလိုပဲ ဖြစ်သလို စားသောက်နေကြရတာပေါ့ အဆင်ကတော့ မပြေဘူး၊ ပြည်သူတွေလည်း ဒုက္ခတွေ ရောက်လှပြီ “ ဟု ထန်းကုန်းတိုက်နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ယခုလက်ရှိတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ငှက်ပျောတိုင်းရွာသစ်၊ ခက်အုန်းတာ ကျေးရွာများ အပါအဝင် ဒေသခံပြည်သူ (၁၀၀၀) ကျော်သည် ရက်ရှည်ကြာစွာဖြင့် စစ်ဘေးရှောင်နေကြရသည်။
စစ်ကောင်စီတပ်သည် ၄င်းတို့ အထိုင်ချတပ်စွဲထားသည့် နေရာအနီးတဝိုက်ရှိ ကျေးရွာများအား လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်း၊ ကုန်သွယ်ခွင့်ပိတ်ပင်ခြင်းများအား ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ပြုလုပ်ခဲ့ကြပြီး ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းရှိ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ပင့်သာတိုက်နယ်အတွင်း ကျေးရွာများမှာ စစ်ကောင်စီ၏ လျှပ်စစ်မီးဖြတ်တောက်ခြင်း အပါအဝင် ဖြတ်လေးဖြတ်ဒဏ်အား ခံစားနေရသည်မှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။



