ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ငမိုးရိပ်တမံ၊ မဟူရာတမံ၊ ကလီထော်တမံများမှ ရေကျော်လာပြီး မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဆည်ရေကလည်းလွှတ် မိုးကလည်းသည်းနေတော့ အိမ်တွေထဲအထိပါ ရေကဝင်လာတာ၊ အရင်နှစ်တွေကလည်း ရေကြီးပါတယ်။ အခုလောက်ထိ တစ်ခါမှ မဖြစ်ဘူး။ ညကဆို ရေက တဖြည်းဖြည်းတက်လာတာ မနက်စော ၂ နာရီလောက်ကျ အိမ်ထဲရေတွေ ပြည့်တော့မှာ နေလို့လည်း မရတော့ဘူး။ အဲ့ဒါကြောင့် အချိန်အခါမဟုတ်ဘဲ ကယ်ဆယ်ရေးအဖွဲ့တွေဆီ ဖုန်းဆက်အကူညီ လှမ်းတောင်းတော့မှ အောင်မင်္ဂလာ ၅ လမ်း ဓမ္မာရုံကို ကယ်ဆယ်ရေးအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်” ဟု လှည်းကူးမြို့၊ ဥယာဉ်/အောင်မင်္ဂလာ (၉) လမ်းနေ မသင်းသင်းက MPA သို့ ရှင်းပြသည်။
လက်ရှိတွင် အိမ်ထောင်စု ၁၀ စုခန့်သည်လည်း ညတွင်းချင်း ပြောင်းခဲ့ရပြီး အချို့ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများလည်း ရေလွှမ်းဒဏ်ကို ခံနေရသည်ဟု ဆိုသည်။
“ တချို့အိမ်တွေကျ ရေမနစ်ဘူးဆိုပေမဲ့ ရေတက်တော့ ချက်ပြုတ်စားသောက်ဖို့ ခက်ခဲတယ်လေ၊ အဲ့ဒါကြောင့် ကျတော်အဖွဲ့ကလည်း မနက်ဆို ကြာဇံကြော်၊ ခေါက်ဆွဲကြော်တို့ လိုက်လံဝေငှပါတယ်။ နေ့လယ်ဆို ဘဲဥချဉ်ဟင်းနဲ့ ငါးပိတို့စရာ ထမင်း၊ ညနေဆို လက်ဖက်ထမင်း ကြက်ဥကြော်၊ ထမင်းသုတ် အဲ့ဒီလို ပုံစံမျိုးနဲ့ လက်လှမ်းမီသလောက် ဝေငှတယ်။ တချို့ချက်ပြုတ်လို့ရတဲ့ အိမ်တွေဆို လူဘယ်နှစ်ယောက် သူတို့ချက်ပေးမယ် ဝေပေးလာကြတယ်” ဟု ရေဘေးသင့် ပြည်သူများအား ကူညီပေးနေသည့် ရိပ်သာဆွမ်းလောင်း လူငယ်အသင်းမှ တာဝန်ရှိသူ ကိုဇော်ဇော်က ပြောသည်။
ယခုရက်ပိုင်းအတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းများ၊ မြစ်များ ရေလျှံနေပြီး မြို့နယ်အချို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်နေသည့်အတွက် အကူအညီလိုအပ်လျှင် ဖုန်းဆက်ခေါ်၍ တောင်းနိုင်ကြောင်းလည်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုအဖွဲ့မှ တာဝန်ရှိသူက MPA သို့ ပြောသည်။
“ကျတော်တို့ဘက်ကနေပြီး တတ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန်ကြိုးစားပေးနေပါတယ်။ နောက်ပြီး ကြိုက်တဲ့အချိန် အကူအညီလိုတာနဲ့ ဖုန်းဆက်ခေါ်လို့ရပါတယ်။ ဖုန်းဆက်တာနဲ့ အကွာအဝေးပေါ်မူတည်ပြီး အမြန်ဆုံး ရောက်အောင်လည်း ကျတော်တို့ဘက်က အမြဲအသင့်ရှိအနေထားမှာ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ငမိုးရိပ်ချောင်း၊ အောက်ဘက်ရှိ ကျေးရွာများအနေဖြင့် အထူးသတိထားရန်လိုအပ်ပြီး အကူညီလိုအပ်ပါက (09448052172- 09699955457 – 09444592059) ဖုန်းများသို့ ဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်း လှည်းကူးကြက်ခြေနီအဖွဲ့က အသိပေးထားသည်။




